မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင်း ဆီတင်ယာဥ်ပေါ်မှ ဆီအထုတ်အသွင်း ပြုလုပ်စဥ်မီးလောင်မှုကြောင့် ဆီပေပါ ၂၅ လုံးခန့် မီးလောင်ပေါက်ကွဲခဲ့ပြီး မီးလောင်မှုအဆင့် Level 3 အထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
မန္တလေး ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာက လောင်စာဆီသိုလှောင်ခြံတစ်ခုအတွင်းမှာ ဒီနေ့မနက် ၁၀ နာရီ ၂၇ မိနစ်အချိန်ခန့်က ဆီတင်ယာဥ်ပေါ် ဆီအထုတ်အသွင်းပြုလုပ်နေစဥ် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ဆီတင်ယာဥ်ပေါ်မှာရှိတဲ့ အောက်တိန်းဆီပေပါတွေကနေ ဆီအထုတ်အသွင်းပြုလုပ်နေစဥ် မီးစတင်လောင်ခဲ့တာလို့သိရပြီး မီးလောင်မှုကြောင့် ဆီပေပါ ၂၅ လုံးခန့်မီးလောင်ပေါက်ကွဲခဲ့သလို ဆီတင်ယာဥ်တစ်စီးလုံးလည်းမီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပုသိမ်ကြီးမြို့နယ်မီးသတ်ဦးစီးမှူးဦးနေမျိုးကျော်က Duwun ကိုပြောပါတယ်။
မီးလောင်မှုကို Level 3 အဆင့်နဲ့မီးငြှိမ်းသတ်ခဲ့ရတယ်လို့လည်းသိရပြီး နာရီဝက်ခန့်မီးငြှိမ်းသတ်ခဲ့ရကြောင်း၊ မီးလောင်မှုဖြစ်ပွားစဥ်အတွင်း အလုပ်သမားတစ်ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့ကြောင်း၊ မီးလောင်မှုကြောင့်ဆုံးရှုံးမှုတန်ဖိုးတွက်ချက်နေကြောင်း၊ ပိုင်ရှင်ဖြစ်သူကို နယ်မြေခံရဲစခန်းမှာအမှုဖွင့်ဖို့စီစဥ်နေကြောင်းလည်း ၎င်းကပြောပါတယ်။