ထိုင်းနိုင်ငံနဲ့အတူ အနုပညာအလုပ်တွေ တွဲလုပ်ခွင့်ရတော့မှာ ဖြစ်လို့ အရမ်းပျော်နေပါတယ်။ အလုပ်တွေမှာ အဆင်ပြေအောင် ထိုင်းစကားကိုလည်း လေ့လာသွားမယ်လို့ ဆိုပါတယ်။
လူငယ်အဆိုတော် တစ်ဦးဖြစ်တဲ့ အုပ်စိုးခန့်ကတော့ မကြာခင်မှာ ထိုင်းနိုင်ငံရဲ့ Cosmetics တစ်ခုအတွက် Brand Ambassador တစ်ဦး ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ Brand Ambassador တစ်ဦးဖြစ်ခွင့်ရတဲ့အတွက်လည်း သူ့အနေနဲ့ အရမ်းကို ပျော်ရွှင်နေသလို အရမ်းလည်း ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။
“ကျွန်တော်ထိုင်းနိုင်ငံမှာ Brand Ambassador တစ်ယောက်အနေနဲ့ သွားရမယ်။ Cosmetics တစ်ခုအတွက်ပေ့ါ။ အဲဒီအတွက် ပွဲတွေလည်း တက်ရမယ်၊ သီချင်းတွေလည်း သွားဆိုရမယ် ဆိုတဲ့အတွက် အရမ်းကို ဂုဏ်ယူနေပါတယ်။အရမ်းလည်းပျော်တယ်။အဲဒီ အလှကုန်ပစ္စည်းက ထိုင်းနိုင်ငံမှာရော မြန်မာနိုင်ငံမှာ ရှိမယ့်အတွက် မြန်မာနိုင်ငံမှာရော ၊ ထိုင်းမှာပါ Brand Ambassador တစ်ယောက် အဖြစ် ရပ်တည်ပေးရမှာပါ” လို့ ဒီဇင်ဘာ (၂၄) ရက်နေ့က ပြုလုပ်တဲ့ Vivo ပွဲမှာ မီဒီယာတွေကို အသိပေးပြောပြခဲ့တာဖြစ်ပါတယ်။
သူတာဝန်ယူထားရမယ့် Brand အတွက်လည်း ထိုင်းနိုင်ငံမှာ နာမည်ကြီး ထိုင်းမင်းသမီး တစ်ယောက်နဲ့ ရိုက်ကူးမှုတွေ သွားလုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံနဲ့ အနုပညာအလုပ်တွေ တွဲလုပ်နေရပြီဖြစ်လို့ ထိုင်းစာသင်ဖို့အတွက်ကိုလည်း ကြိုးစားနေပါတယ်တဲ့။
“ကျွန်တော် ထိုင်းစာနည်းနည်းပါးပါးသင်မယ်။ ပြီးတော့ ကျွန်တော် ထိုင်းသီချင်းတွေလည်း နည်းနည်းရတော့ ထိုင်းနိုင်ငံက မီဒီယာတွေနဲ့တွေရင်လည်း ထိုင်းသီချင်းတွေ ဆိုပြဖို့ ပြင်ဆင်ထားပါတယ်”လို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံနဲ့ အနုပညာအလုပ်တွေ တွဲလုပ်ရတာဟာ ယခုအကြိမ်က ပထမဆုံးဖြစ်တာကြောင့် အရမ်းကို စိတ်လှုပ်ရှားနေတယ်လို့ သူက ဆက်လက်ပြောပြပါတယ်။
အုပ်စိုးခန့်ကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သီချင်းတွေ သီဆိုရင်းက တဆင့် ပရိသတ်တွေအားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ကိုယ်ပိုင်သီချင်းများစွာလည်း သီဆိုခဲ့ဖူးသူပါ။ ပရိသတ်တွေ ပိုပြီးသတိထားမိစေခဲ့တာကတော့ သရုပ်ဆောင် ယွန်းယွန်းနဲ့ရိုက်ကူးထားတဲ့ ‘’တန်ခူးမေ’’ ဆိုတဲ့ သီချင်းလေးကိုလည်း ပရိသတ်တွေအများကြီး အားပေးခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ချစ်နေပြီ’’ ဆိုတဲ့ Album လေးကလည်း အောင်မြင်မှုတွေ အများကြီးရရှိခဲ့ပါသေးတယ်။