ထိုင်းဝန်ကြီးကိုယ်တိုင် ဆုချီးမြင့်တဲ့ World SDGs Award 2019 ဆုပေးပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သရုပ်ဆောင် မင်းမြတ်စိုးစံက ဆု ၂ ဆုရရှိခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ အနုပညာအလုပ်တွေ လုပ်ချင်သေးတယ်လို့ဆိုပါတယ်။
Photo: Min Myat Soe San
ထိုင်းနိုင်ငံကနေ ချီးမြင့်တဲ့ World SDGs Award 2019 (World Sustainable Developement Goals Award) ဆုကိုတော့ မြန်မာနိုင်ငံက အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းမြတ်စိုးစံက လက်ခံရရှိခဲ့ပါတယ်။ဒီဆုပေးပွဲကိုတော့ နိုဝင်ဘာလ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Amari Don Muang airport hotel မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
"ထိုင်းနိုင်ငံမှ ချီးမြှင့်တဲ့ World SDGs award 2019 ဆုရယ် ၊Friendship, Culture and Tourism Promotion ASEN 2019-2020(ထိုင်း-မြန်မာချစ်ကြည်ရေး သံတမန်) ဆု၊ စလွယ်လေးရယ်၊၃ ရက်နေ့မှ ၉ ရက်နေ့ကို အကြောင်းအမျိုးမျိုးကြောင့် ရက်ရွေ့လိုက်တဲ့ပွဲလေးတစ်ခုကို မတက်ရောက်ပေးနိုင်ခဲ့ပေမဲ့လဲ ပွဲစီစဉ်သူ ကိုယ်တိုင်မှ တကူးတက လာရောက်ပေးအပ်တဲ့ ဂုဏ်ပြုဆုလေး တစ်ဆုရယ် ၊ ၃ ဆုကို တစ်နေရာတည်း လက်ခံရယူခဲ့ရတယ်" ဆိုပြီးတော့ ဒီဇင်ဘာလ ၁ ရက်နေ့ မနက် ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
Photo: Min Myat Soe San
မင်းမြတ်စိုးစံဟာ သူ ရရှိခဲ့တဲ့ ဆုတွေအတွက် ထိုက်တန်တဲ့ သူတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်လို့ ဆိုပါတယ်။ World SDGs Award 2019 ဆုပေးပွဲမှာတော့ ထိုင်းဝန်ကြီး ကိုယ်တိုင်က ဆုချီးမြင့်ခဲ့တာလို့လည်း သိရပါတယ်။
"လက်ခံရရှိလိုက်တဲ့ ဆုတွေနဲ့လည်း ထိုက်တန်သူတစ်ဦးဖြစ်အောင် အကောင်းဆုံး ကြိုးစားသွားပါမယ်။ထိုင်းနိုင်ငံမှာလည်း အခြားသောအနုပညာအလုပ်တွေ၊ လှုပ်ရှားခွင့်တွေနဲ့အတူ ထပ်မှန်ဆုံစည်းချင်ပါတယ်။ ဒီပွဲနေ့လေးမှာ ခင်မင်ရင်နှီးခွင့်ရသော ချစ်ခင်စရာကောင်းတဲ့ ထိုင်းနိုင်ငံမှ ချစ်ခင်သူ အားလုံးနဲ့လဲ ထပ်မှန်ဆုံစည်းခွင့် ရချင်ပါသေးတယ်။ I Love Thailand'' ဆိုပြီးတော့ ဆက်လက်ရေးသားခဲ့ပါသေးတယ်။
Photo: Min Myat Soe San
မင်းမြတ်စိုးစံဟာ မြန်မာနိုင်ငံကိုယ်စားပြု Mister တစ်ယောက်အဖြစ် Mister Global 2015 ပြိုင်ပွဲကြီးကို ထိုင်းနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ပြိုင်ပွဲပြီးသွားတဲ့နောက်မှာတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေလည်း ရရှိခဲ့သလို ပရဟိတအလုပ်တွေပါ လုပ်ဆောင်လာခဲ့တဲ့တာတွေကြောင့် ဒီဆုကို ရရှိပိုင်ဆိုင်ခဲ့ရတယ်လို့ မင်းမြတ်စိုးစံက နိုဝင်ဘာလ ၂၄ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။ ဒီဆုပေးပွဲကိုတော့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သရုပ်ဆောင် မင်းမြတ်စိုးစံက တက်ရောက်ခဲ့တာဖြစ်ပြီး တရုတ်၊ ဟောင်ကောင် လာအို နဲ့ ဗီယက်နမ် နိုင်ငံတွေက အနုပညာရှင်တွေလည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
Photo: Min Myat Soe San
မင်းမြတ်စိုးစံကတော့ အနုပညာလောကထဲကို "မင်းလူလူ" ဆိုတဲ့ နာမည်နဲ့ မော်ဒယ်တစ်ယောက်အဖြစ် စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ Mister ပြိုင်ပွဲတွေလည်း ဝင်ပြိုင်ခဲ့ဖူးသူပါ။ အဲဒီနောက်မှာတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်ရိုက်ကူးနေတာ တွေ့ရပါတယ်။ ဂီတကိုဝါသနာပါတဲ့သူဖြစ်တာကြောင့်လည်း ၂၀၁၅ ခုနှစ်မှာ "မျှော်လင့်ချက် အလင်းတန်း" ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးထွက်ရှိခဲ့ပါသေးတယ်။