ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင် မဲဆိုင်မြို့နယ်မှာ ကြက်သွန်ဖြူကြော် အတုပြုလုပ်တဲ့ စက်ရုံကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားနှင့် အမျိုးသမီးအရေး ကူညီပေးတဲ့ Social Action for Children and Women – SAW အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Photo- SAW (ကြက်သွန်ဖြူ အတုလုပ်တဲ့ စက်ရုံကို ဖမ်းဆီးစဉ်)
မတ်လ ၃၁ ရက် မနက်ပိုင်းက မဲဆိုင်မြို့နယ် ဝင်ဖန်ခန်က ထိုင်းတံဆိပ်နဲ့ ထုတ်လုပ်နေတဲ့ ကြက်သွန်ဖြူကြော် လုပ်ငန်းကို နယ်မြေရဲနဲ့ လဝက အဖွဲ့ဝင်တွေ ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ကြတယ်လို့သိရပါတယ်။
Garlic Gold ရွှေကြက်သွန်ဖြူ (သုံးလုံး) အမှတ် တံဆိပ်နဲ့ ထုတ်လုပ်ရောင်းချနေတဲ့ ကြက်သွန်ဖြူကြော်စက်ရုံအတွင်းမှာ ပီလောပီနံ ဥတွေကို စက်နဲ့ ကြိတ်ပြီး ကြက်သွန်ဖြူပုံစံရောင်းချနေတာကို တွေ့ခဲ့ရတာပါ။
Photo - SAW (အတုပြုလုပ်ထားတဲ့ ကြက်သွန်ဖြူကြော်တွေကို တွေ့ရစဉ်)
အဆိုပါ ကြက်သွန်ဖြူကြော် အတုတွေကို ထိုင်းနိုင်ငံ ချင်ရိုင်၊ ချင်းမိုင်ခရိုင်တွေနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံ တာချီလိတ် မြို့တွေကို ဖြန့်ဖြူးရောင်းချနေတာဖြစ်တယ်လို့သိရပါတယ်။
ယခုပြုလုပ်နေတဲ့ ကြက်သွန်ကြော်အတု စက်ရုံကို တရုတ်နိုင်ငံဖက်ကနေ နည်းလမ်းယူလာပြီး ထိုင်းမှာ အတုလုပ်ရောင်းနေတာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် စက်ရုံတွင်းမှာ အလုပ်ခန့်ထားတဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ဆက်လက်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။