ဒေါင်းဟာ နိုင်ငံခြား ဂီတစာမေးပွဲ ဖြေဆိုဖို့အတွက် စန္ဒယားတီး လေ့လာနေတယ်လို့ ဆိုပါတယ်။ သူက လက်ရှိမှာ ရိုက်ကူးရေး ခဏနားနေတာကို တွေ့ရပါတယ်။
Photo: Andrew Kong
သရုပ်ဆောင် ဒေါင်းဟာ အခုချိန်မှာ စန္ဒယားတီး သင်ကြားနေတာကို တွေ့ရပါတယ်။ သူဟာ နိုင်ငံခြား ဂီတစာမေးပွဲ ဖြေဆိုဖို့အတွက် လေ့လာနေတာဖြစ်တယ်လို့လည်း သူ့ရဲ့ စန္ဒယားဆရာဖြစ်သူ Andrew Kong က အခုလို ပြောပြထားပါတယ်။
‘’နိုင်ငံခြား ဂီတစာမေးပွဲများကိုဖြေတော့မယ့် ချစ်သားလေး ရုပ်ရှင်သရုပ်ဆောင် ဒေါင်း။ ရုပ်ရှင်သရုပ်ဆောင်လုပ်တဲ့ အလုပ်တစ်ခုတည်း မဟုတ်ဘဲ ရုပ်ရှင်နောက်ခံတေးများကို ဘယ်လို compose လုပ်မလဲ၊ ဘယ်လိုဖန်တီးမလည်း အစရှိတဲ့ ဘာသာရပ်တွေကို စနစ်တကျလေ့လာချင်လို့ တီချယ်ဒေါ်ယဉ်ယဉ်ထွန်းရဲ့ ချစ်တပည့်ဆရာနဲ့အတူ ဆက်ပြီး လေ့လာသင်ယူနေပါတယ်’’ ဆိုပြီးတော့ စန္ဒယားဆရာကြီး Andrew Kong ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇူလိုင်လ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ကျော်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Andrew Kong
ဒေါင်းဟာ အခုချိန်မှာ ‘’ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်’’ ရုပ်ရှင်ကားကြီးရိုက်ကူးရေး နားထားတာ ဖြစ်တဲ့အတွက် စန္ဒယားတီးသင်နေတာဖြစ်ပါတယ်။ ‘’ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်’’ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဇူလိုင်လ ၁၇ ရက်နေ့က ရုပ်ရှင်ကန်တော့ပွဲပေးရင်း ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က စတင် ရိုက်ကူးခဲ့တာပါ။
ဒီဇာတ်ကားမှာ သရုပ်ဆောင် ဒေါင်း၊ ထူးအောင်၊ မို့မို့မြင့်အောင်နဲ့ ဝတ်မှုံရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒါပေမယ့် ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ ဇာတ်ကားရိုက်ကူးနေတဲ့ ဖြုံဘူးရွာလေးကို မြစ်ရေတွေ တက်လာတာဖြစ်တဲ့အတွက် ရိုက်ကူးရေးတွေ နားခဲ့ရတယ်လု့ိ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ပြောပါတယ်။
Photo: Andrew Kong
မိန်းကလေး ပရိသတ်အများစုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဒေါင်းက အခုဆိုရင် အနုပညာအလုပ်တွေ အဆက်မပြတ် လုပ်ကိုင်လာရပါပြီ။ သူ့ကိုတော့ ‘’ပုဂံမြို့သူ’’ ရုပ်သံ ဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်အားပေးမှု ပိုမိုရရှိလာတာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ဒါရိုက်တာ ထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ ‘’လရဲ့ အောက်ဘက် မိုင်အဝေးမှာ’’ ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။