အဖေကလည်းဖြစ်စေချင်တယ်။

အလှမယ် ထက်ထက်ထွန်းက ရန်ကုန်စည်ပင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဖခင်ရဲ့ဆန္ဒအရ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်သလို သူ့အနေနဲ့လည်း နိုင်ငံ့အကျိုးပြုချင်တာဖြစ်လို့ ပြိုင်ပွဲဝင်ဖြစ်တာလို့ ဆိုပါတယ်။

Photo : ထက်ထက်ထွန်း

အလှမယ် ထက်ထက်ထွန်းက ရန်ကုန်စည်ပင် ရွေးကောက်ပွဲမှာ မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ လျှောက်လွှာတင်ထားဆဲ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။ သူမအနေနဲ့ ဖခင်ရဲ့ ဆန္ဒအရ ယခုလို ဝင်ပြိုင်ဖြစ်တာ ဖြစ်ပြီး သူမအနေနဲ့လည်း နိုင်ငံအတွက် တစ်ဖက်တစ်လမ်းကနေ လုပ်ဆောင်ပေးချင်တာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာလို့ သူမက Duwun Media သို့ ပြောပြခဲ့ပါတယ်။

“ ညီမအနေနဲ့ နိုင်ငံတော် ကိုယ်စားပြုအလှမယ် တစ်ယောက်အဖြစ် တာဝန်ကျေပြီးပြီ။ ညီမရဲ့ ဆန္ဒက နိုင်ငံ့အကျိုးပြုချင်တယ့် ဆန္ဒလည်း ပါတယ်ဆိုတော့ ညီမရဲ့ အဖေက စည်ပင်ရွေးကောက်ပွဲရှိတယ်။ နိုင်ငံအကျိုးပြုချင်တယ်ဆိုရင် ဝင်ပြိုင်ပါလားပေ့ါနော်။ အဖေရဲ့ ဆန္ဒလည်း ပါတယ်။ အဲ့ဒါဆိုရင်တော့ နိုင်ငံအတွက် တစ်ဖက်တစ်လမ်းကနေ အကျိုးပြုနိုင်တယ်ဆိုတဲ့ စိတ်နဲ့ ညီမဝင်ပြိုင်ဖြစ်တာပါ” လို့ သူမက ဆိုပါတယ်။

Photo : ထက်ထက်ထွန်း

ဖခင်ဟာ သူမကို သမ္မတအထိတောင် ဖြစ်စေချင်တာလို့ ထက်ထက်ထွန်းက ပြောပါတယ်။ “အဖေ့ရဲ့ ဆန္ဒက အဓိကကျတယ်။ အဖေက ညီမကို အစွန်းဆုံထိ မျှော်လင့်ထားတယ်။ အားကိုးတာဖြစ်တဲ့အတွက် သူ့ရဲ့ ဆန္ဒပေ့ါ။ ရတာမရတာတော့ ကံပဲပေ့ါ။ မိဘဆိုတာ သားသမီးကို အကောင်းဆုံးဖြစ်စေချင်တော့ ညီမလည်း ကြိုးစားသွားမယ်။ ဖေဖေက ညီမကို သမ္မတအထိကို ဖြစ်စေချင်တာ။ သူ့ရဲ့ မျှော်လင့်ချက်ကလေ” လို့သူမက ဆိုပါတယ်။

Photo : ထက်ထက်ထွန်း

ထက်ထက်ထွန်းရဲ့ ဖခင် ဒေါက်တာ တင်ထွန်းဟာ ၂၀၁၄ခုနှစ် စည်ပင် ရွေးကောက်ပွဲမှာ အနောက်ပိုင်းခရိုင်စည်ပင်သာယာဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။သူမအနေနဲ့ ယခုလိုမျိုး စည်ပင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ပေမယ့် နိုင်ငံရေး သမားလိုမျိုးနိုင်ငံရေး အကြောင်းတော့ ထဲထဲဝင်ဝင်မသိဘူးလို့ သူမက ပြောပါတယ်။

“ထက်ထက်အနေနဲ့ နိုင်ငံရေးသမားလိုမျိုး နိုင်ငံရေးအကြောင်းမသိပါဘူး။ ဒါပေမယ့် အလှမယ်တစ်ယောက်ဖြစ်ခဲ့တဲ့အတွက် ပရဟိတအလုပ်တွေကိုလုပ်ခဲ့ရတယ်။ဒီလိုအပိုင်းနဲ့လည်း ဆက်စပ်နေတာ ဖြစ်လို့ စည်ပင် ရွေးကောက်ပွဲဆိုတဲ့အချိန်မှာမြို့တော်သာယာလှပဖို့ ပြည်သူတွေ လိုအပ်နေတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဆိုတဲ့ အချက်တွေက အရမ်းကြီးတော့ ကွာဟသွားမယ်လို့တော့ မထင်ပါဘူး။ ဒါကြောင့် ညီမဒီအပိုင်းကို ကျွမ်းကျွမ်းကျင်ကျင်မဟုတ်ဘူးဆိုပေမယ့် အရမ်းတော့ ကွာဟသွားမှာ မဟုတ်လို့ ကျန်တာတွေကို လေ့လာရင် ဖြစ်သွားမယ်လို့ ထင်ပါတယ်။” လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : ထက်ထက်ထွန်း

လက်ရှိအချိန်မှာတော့ သူမအနေနဲ့ ပြိုင်ပွဲဝင်လျှောက်လွှာ တင်ထားတုန်း ဖြစ်ပေမယ့် ရွေးချယ်ခံရရင်တော့ မဲဆွယ်စည်းရုံးဖို့ (၁)လတိတိ အချိန်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအချိန်မှာ သူမအနေနဲ့ဘယ်လိုမျိုး မဲဆွယ်စည်းရုံးဖြစ်မလဲတော့ မသိသေးဘူးလို့ ထက်ထက်ထွန်းက ပြောပါတယ်။

အလှမယ် ထက်ထက်ထွန်းဟာ Miss Universe Myanmar 2016 ကိုယ်စားပြု အလှမယ် တစ်ဦးဖြစ်ပြီး Miss Universe ပြိုင်ပွဲကြီးတွင် National Costume ဆုကို မြန်မာနိုင်ငံအတွက် ယူဆောင်နိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က