ဗြိတိန်အခြေစိုက် Virgin Atlantic လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်တစ်စီးပေါ်မှာ ခရီးသည်ထိုင်ခုံတစ်ခု မီးလောင်မှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။
(Photo: @ChrisNWBSTV/Twitter)
ယမန်နေ့ (ဇူလိုင် ၄ ရက်) က နယူးယော့ခ်မှ လန်ဒန်သို့ ပျံသန်းလာတဲ့ အဆိုပါ ခရီးသည်လေယာဉ်ဟာ ခရီသည်ထိုင်ခုံမီးလောင်မှုကြောင့် အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့ရှိ Boston Logan အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
ခရီးသည်ထိုင်ခုံ နှစ်ခုကြားမှာတွေ့ရတဲ့ မိုဘိုင်းဖုန်းဘက်ထရီ အားသွင်းကိရိယာ (power bank) ကြောင့် ခရီးသည်ထိုင်ခုံ မီးလောင်မှုဖြစ်ခဲ့ကြောင်း CBS Boston သတင်းက မက်ဆာချူးဆက်ပြည်နယ် ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဖော်ပြထားပါတယ်။ မီးလောင်မှုကို Virgin Atlantic လေကြောင်းခရီးစဉ် 138 ရဲ့ လေယာဉ်အမှုထမ်းတွေက ငြှိမ်းသတ်ခဲ့တယ်လို့ ဆိုပါတယ်။
ခရီးသည် ၂၁၇ ဦး လိုက်ပါလာတဲ့ Airbus A330 အမျိုးအစား ခရီးသည်တင်လေယာဉ်ပေါ်မှာ ယမန်နေ့ ဒေသစံတော်ချိန် ၉ နာရီဝန်းကျင်က ခရီးသည်ထိုင်ခုံ မီးလောင်မှုဖြစ်ပွားကြောင်း မက်ဆက်ချူးဆက် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ လေယာဉ်ကို ဘော်စတွန်မှာ အရေးပေါ် ဆင်းသက်ခဲ့ပြီးနောက် ခရီးသည်နဲ့အမှုထမ်းအားလုံး လေယာဉ်ကနေ ဘေးကင်းစွာ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ခရီးသည်တွေအတွက် တည်းခိုရန်နေရာ သို့မဟုတ် ၎င်းတို့သွားလိုတဲ့နေရာများသို့ အခြား လေကြောင်းခရီးစဉ်များ စီစဉ်ပေးခဲ့ကြောင်း လေကြာင်းလိုင်းက ထုတ်ပြန်မှုကို CBS Boston သတင်းက ဖော်ပြခဲ့ပါတယ်။
(Photo: @machbio/Twitter)
"ကျွနု်ပ်တို့ရဲ့ လေကြောင်းလိုင်းဖောက်သည်တွေနဲ့ အမှုထမ်းတွေ ဘေးကင်းလုံခြုံဖို့က ကျွန်ုပ်တို့ရဲ့ အမြဲဦးစားပေးပါ၊ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်" လို့ လေကြာင်းလိုင်းရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ Virgin Atlantic လေကြောင်းလိုင်းရဲ့ ခရီးသည်ဆက်ဆံရေး မန်နေဂျာ Stacey Isherwood က ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ခရီးသည်များထံ တောင်းပန်းစာပို့ခဲ့ပါတယ်။ ခရီးသည်တွေကို သည်းခံနားလည်ပေးမှုအတွက် အထူးကျေးဇူးတင်ကြောင်း သူမက ရေးသားထားပါတယ်။
(Photo: Sandeep Shantharam)
ယမန်နေ့က ဘော်စတွန်လေဆိပ်မှာ Virgin Atlantic လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် အပါအဝင် လေယာဉ် အရေးပေါ်ဆင်းသက်မှုနှစ်ခု ရှိခဲ့ကြောင်းလည်း သိရပါတယ်။ ယမန်နေ့ မနက်ပိုင်းကလည်း ချီကာဂိုမြို့မှ ပျံသန်းလာတဲ့ အမေရိကန်လေကြောင်းလိုင်း (American Airlines) လေယာဉ်ဟာ စက်ချို့ယွင်းမှုဖြစ်နိုင်ခြေရှိတဲ့ အချက်ပြမှုရှိခဲ့တာကြောင့် ဘော်စတွန်မှာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ CNA သတင်းမှာ ဖော်ပြပါတယ်။