ရဲလေးမရဲ့ မုန့်ဟင်းခါးဆိုင်လေးကတော့ အော်ဒါတွေလည်း အများကြီးရသလို ကိုယ်တိုင်လာ ရောက်အားပေးတဲ့ ပရိသတ်တွေလည်းရှိတယ်လို့ ဆိုပါတယ်။ ဆိုင်ကောင်းကောင်းလေး ဖွင့်ချင်တယ်လို့လည်း သူကပြောပါတယ်။
photo:Ye Ma Lay
ရဲလေးမ ကတော့ အခုဆိုရင် သူ့ရဲ့ မုန့်ဟင်းခါးဆိုင်လေးကို ပရိသတ်တော်တော်များများ သိနေပြီလို့ ဆိုပါတယ်။ ထီပေါက်ရင် ဆိုင်ကောင်းကောင်း တစ်ဆိုင်ဖွင့်ချင်တယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။
“ အခုချိန်မှာ ထီတွေဘာတွေ ထပေါက်ရင် စီးပွားရေးလေးတစ်ခုပေါ့ ဘာလေးလုပ်မယ်၊ ညာလေးလုပ်မယ်တော့ စိတ်ကူးထားတယ်။ မုန့်ဟင်းခါးရောင်းနေတယ်ဆိုတာကို ပရိသတ်သိသွားတယ်၊ ချစ်သွားတဲ့အတွက် ထီပေါက်ရင် မုန့်ဟင်းခါးဆိုင်ကို အကြီးကြီး ဝယ်ချင်တယ်။ အခုဆိုရင် ကိုယ့်ကို ချစ်လို့လာဝယ်တဲ့ ပရိသတ်တွေဆိုရင် ကားပါကင်မရှိတဲ့အတွက် လမ်းထိပ်မှာ ထားခဲ့ရတာတွေ၊ အစ်ကိုတို့နေရာလေးက ကျဉ်းတဲ့အတွက် အဲဒီအခက်အခဲလေးတွေကြောင့် အားနာမိတယ်” ဆိုပါတယ်။
photo:Ye Ma Lay
မုန့်ဟင်းခါးဆိုင်လေးကလည်း ရောင်းကောင်းသလို၊ အော်ဒါတွေကလည်း မပျက်ဘူးလို့ ရဲလေးမက ပြောပါတယ်။ ဒါပေမယ့် ပရိသတ်အတွက် စေတနာအရင်းခံနဲ့ ဆောင်ရွက်ပေးတယ်လို့လည်းဆိုပါတယ်။ ဒါပေမယ့် မိသားစု စားဝတ်နေရေး အဆင်ပြေလာတယ်လို့ သူဆိုပါတယ်။
“တိုးတက်ပြောင်းလဲလာတာတော့ ဘာမှမရှိဘူး။ ဘာကြောင့်လဲဆိုတော့ အစ်ကိုတို့က နည်းနည်းနဲ့ ကျဲကျဲလေး ကိုယ့်ဘဝကို ရုန်းကန်ရတာဆိုတော့ အောင်မြင်လားလို့ မေးရင်လည်း ဈေးရောင်းရတာ အများကြီး အောင်မြင်ခဲ့တယ်။ ဒါပေမယ့် အမြတ်အစွန်းကျတော့လည်း အစ်ကိုတို့က အများကြီးရောင်းရတာလည်း မဟုတ်ဘူးလေ။ ကိုယ့်နေရာ တစ်ပိုင်တစ်နိုင်လေးမှာ ဆိုင်ခန်းခ မပေးရပဲလုပ်တာဖြစ်တဲ့အတွက် ဈေးရောင်းတာလည်း အဆင်ပြေပါတယ်။ ဇာတ်ကားရိုက်တာလည်း အဆင်ပြေပါတယ်” လို့ သူကပြောပါတယ်။
photo:Ye Ma Lay
ရဲလေးမ ဟာ စီးပွားရေးနဲ့ ပတ်သက်လာရင် သူ့ရဲ့ စိတ်ကူးထဲမှာ လုပ်ချင်တာတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။
“ နောက်ထပ်စီးပွားရေးလုပ်ချင်တဲ့ စိတ်ကတော့ စိတ်ကူးထဲမှာ အများကြီးရှိတာပေါ့လေ။ အစ်ကိုတို့ဘဝက ငွေရေး၊ ကြေးရေး မပြည့်စုံတဲ့သူဆိုတော့ စီးပွားရေးချဲ့ထွင်ဖို့ ငွေကြေးမရှိဘူး။ ဈေးရောင်းတာပြီးတော့လည်း မိသားစု ဝမ်းရေးဖြေရှင်းတယ်။ မိသားစု စားဝတ်နေရေးတော့ လောက်ငှတာပေါ့နော်” ဆိုပြီးတော့ ဒီဇင်ဘာလ ၈ ရက်နေ့ ညက “ရည်းစားတစ်ခုလပ်များ” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
photo:Ye Ma Lay
ရဲလေးမကိုတော့ ဒေါ်ထားအဖွဲ့က ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ စီးပွားရေးတစ်ခုအနေနဲ့ မုန့်ဟင်းခါးရောင်းနေတယ်လို့ သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း အခုဆိုရင် ၁၀ စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။