In partnership with  logo
ခိုကိုးရာမဲ့နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ရင်ခွင်မဲ့ကလေးလေးတွေအတွက် မာမီကွတ်ရှိပါတယ်။

မြန်မာနိုင်ငံမှာ Single Mother ဆိုရင် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုသာမကဘဲ မိသားစုဆွေမျိုးညီအစ်ကိုမောင်နှမတွေရဲ့ ဖိနှိပ်မှုဒဏ်တွေကိုပါ ခံကြရတာများပါတယ်။ တာဝန်မယူခဲ့တဲ့ အမျိုးသားကို အပြစ်တင်ရမယ့်အစား ကိုယ်ဝန်လွယ်ပြီး သားသမီးမွေးဖွားဖို့ ဆုံးဖြတ်ချက်ချလိုက်ကြတဲ့ အမျိုးသမီးတွေကိုသာ ပတ်ဝန်းကျင်က လက်ညှိုးထိုးချင်ကြတာ တော်တော်များများပါပဲ။

Single Mother ဖြစ်ကြရတဲ့အကြောင်းအရင်းက အမျိုးမျိုးရှိပါတယ်။ လင်သား ဆုံးပါးသွားလို့ ၊ ချစ်သူအချင်းချင်း လွန်ကျူးမိရာက တာဝန်မယူနိုင်လို့ ၊ အယုံအကြည်လွန်မိလို့ ၊ လိမ်လည်ခံလိုက်ရလို့ ၊ နောက်ဆုံး လူကုန်ကူးခံရတဲ့နေရာကတဆင့် ကိုယ်ဝန်ရခဲ့လို့ စတဲ့အကြောင်းအရာမျိုးစုံနဲ့ ဒီဘဝ ရောက်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီလို ခင်ပွန်းသည်မရှိဘဲ ဘဝကို တစ်ယောက်တည်း ဖြတ်သန်းရမယ့် Single Mother တွေ ၊ မိဘဆွေမျိုးညီအကိုမောင်နှမတွေကပါ လက်မခံဘဲ ယောင်ချာချာ ဒုက္ခဖြစ်နေကြတဲ့ Single Mother တွေအတွက် ကောက်ရိုးတစ်မျှင်လေး ရှိနေပါတယ်။

သူကတော့ ရှင်ငြိမ်းမယ် ဆိုတဲ့ မာမီကွတ်ပါပဲ။

မာမီကွတ်ဟာ အစပထမကတော့ ဟင်းချက်တဲ့ ပေ့ချ်လေးတစ်ခုကို တည်ထောင်ထားတာပါ။ သားသားမီးမီးတို့အတွက် အာဟာရပြည့်ဝတဲ့ ဟင်းချက်နည်း ဖြည့်စွက်စာလေးတွေ တင်နေရင်းက ကိုယ်ဝန်ဆောင်မိခင်တွေကို နောက်ကွယ်ကနေ ကူညီစောင့်ရှောက်ပေးတဲ့ ပေ့ချ်လေးဖြစ်လာခဲ့ပါတယ်။ အစမှာ လူဦးရေ နည်းနည်းကို ကူညီစောင့်ရှောက်ပေးနေရာကနေ စလိုက်တာ ခုဆိုရင် ၄၀၀ ကျော်ထိရှိလာခဲ့ပါပြီ။ ၂၀၁၃ ခုနှစ်ကနေ စတင်ခဲ့တဲ့ ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်သည်ကူညီစောင့်ရှောက်ရေးဟာ ခုဆိုရင်တော့ ၆နှစ်ထဲကို ဝင်လာခဲ့ပြီဖြစ်ပါတယ်။

"မကိုယ်တိုင် ကလေးကို တစ်ယောက်တည်း မွေးခဲ့ရတယ်။ တာဝန်ယူမယ့် အမျိုးသားမရှိဘဲ တစ်ယောက်တည်း ကလေးကို မွေးဖွားတဲ့အခါ ကိုယ်ဝန်ဆောင်ဘဝမှာ အခက်အခဲတွေ ၊ စိတ်ဒဏ်ရာတွေ ၊ စိတ်ဓာတ်ကျတာတွေ နဲ့ အများကြီး ကြုံခဲ့ရတယ် ။ကိုယ်ကိုယ်တိုင်လည်း ကလေးကို မာန်တင်းပြီး မွေးခဲ့ရတယ် ။အဲဒီတော့ ဒီလိုအချိန်မှာသာ မိဘဆွေမျိုးအပေါင်းအသင်းကလည်း ကိုယ့်ကို ပစ်ပယ်မယ် ၊ ကိုယ့်ကို တာဝန်ယူရမယ့် အမျိုးသားကလည်း ကိုယ့်ကို တာဝန်မယူတော့ဘူးဆိုရင် ဒီကိုယ်ဝန်ဆောင်သည် ဘဝဟာ သွားစရာနေစရာ ခိုကိုးစရာမရှိတော့ဘူး။ မိဘညီအကိုမောင်နှမရဲ့ စောင့်ရှောက်မှု အောက်က ကိုယ်ဝန်ဆောင်တောင်မှပဲ အဲဒီအချိန်မှာ အရမ်းအားငယ်တတ်ကြတယ်။ အမျိုးသားက ချစ်ပြီး စောင့်ရှောက်နေရင်တောင် အားငယ်တတ်ကြတယ်။ ဘာမှမရှိဘူးဆိုတဲ့အချိန်မှာ သူတို့ ပိုအားငယ်တယ် ၊ ပိုစိတ်ဓာတ်ကျတယ် အဲဒါတွေကို ကိုယ်ချင်းစာတယ်။ ကိုယ့်တုန်းက ဘယ်လို ဖြတ်သန်းခဲ့ရလဲဆိုတဲ့ စိတ်လည်း ဖြစ်တယ် ဆိုတော့ ပိုပြီးတော့ စောင့်ရှောက်ချင်တယ် ၊ ပိုပြီးတော့ ကာကွယ်ချင်တယ်။"လို့ ပြောပါတယ်။

ရန်ကုန်မှာဆိုရင်တော့ သူမရဲ့ ကလေးလေးတွေကို ကျောင်းပို့ ၊ ကျောင်းကြိုလုပ်တာတွေ နဲ့အတူ မီးဖွားဖို့ စရိတ်မတတ်နိုင်သူတွေ ၊ စွန့်ပစ်ကလေးတွေကို ခေါ်ယူစောင့်ရှောက်ကူညီတာမျိုးတွေ ပြုလုပ်ပေးနေပါတယ်။ မေမြို့မှာဆိုရင်တော့ ကလေးမီးဖွားတော့မယ့် ကိုယ်ဝန်ဆောင်သည်တွေနဲ့ ကလေးအမေတွေကို ပြုစုစောင့်ရှောက်ထားပါတယ်။

အမျိုသမီးတိုင်းလိုလိုဟာ ကိုယ်ဝန်ရလာပြီဆိုရင် ကိုယ့်သားသမီးကို စွန့်လွှတ်ပစ်ချလိုက်ဖို့ဆိုတာ တော်တော်လေးကိုမှ ခက်ခဲပါတယ်။ သားဆက်ခြားနည်းကို သေချာမသိလိုက်ဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့မတတ်နိုင်လို့ ကိုယ်ဝန်ရလာတဲ့အခါမျိုးမှာ ဒီကိုယ်ဝန်ကို စွန့်ပစ်လိုက်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ ဒါ့ကြောင့် မာမီကွတ် ရှင်ငြိမ်းမယ်က

“Sex Education မသိခဲ့လို့ ၊ သားဆက်ခြားနည်းကို သေချာမသိခဲ့လို့ ကိုယ်ဝန်ရလာခဲ့ပြီဆိုရင်တော့ ဖျက်မချစေချင်တော့ပါဘူး။ မာမီကွတ်ဆီကိုသာ လာခဲ့ပါ။ ကလေးနဲ့ မိခင် အသက်နှစ်သက်ဖြစ်တဲ့အတွက် တန်ဖိုးထားရပါမယ်။ မိခင်ရော ကလေးပါ ကျန်းကျန်းမာမာမွေးဖွားလာနိုင်ဖို့ ကူညီစောင့်ရှောက်ပါမယ်။ ကလေးမီးဖွားပြီးချိန်မှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေရဖို့ ချိတ်ဆက်ပေးမယ်၊ မွေးဖွားလာတဲ့ ကလေးကို အလုပ်သွားချိန်မှာ မစောင့်ရှောက်နိုင်ဘူးဆိုလည်း မာမီကွတ် ထိန်းပေးဖို့ Day Care Center အနေနဲ့ အခမဲ့ ထိန်းပေးသွားမှာပါ။ အဆောက်အဦးတွေလည်း စောင့်နေပါတယ်။ အကူအညီလိုသူတွေအတွက် မာမီကွတ်ရှိပါတယ်။ မာမီကွတ်ဆီအရောက်လာခဲ့ပါ လို့ ပြောချင်ပါတယ်။”

တကယ်တော့ ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အမျိုးသမီးတိုင်းအတွက် အားငယ်ဝမ်းနည်းနေတတ်ကြတဲ့ အချိန်အခါမျိုးပါ။ ကိုယ့်ရဲ့ အမျိုးသားကလည်း ချစ်ခင် ၊ မိသားစုကလည်း ဝိုင်းဝန်း ဂရုစိုက်နေကြတဲ့ ကြားကကို အလိုလိုနေရင်း လှိုက်ပြီး ဝမ်းနည်းနေတတ်တဲ့ အချိန်အခါမျိုးမှာ တစ်ယောက်တည်း ရပ်တည်နေရတဲ့ သူတွေအတွက်ဆိုတာ တွေးကြည့်စရာမလိုအောင်ကို ခက်ခဲပင်ပန်းလွန်းတဲ့အချိန်မျိုးပါ။ ဒီလို ခက်ခဲပင်ပန်းနေတဲ့ အချိန်တွေကို ကျော်လွန်ပြီး ခွန်အားရနေအောင်လို့ ကိုယ်ဝန်ဆောင်တွေအပေါ် မာမီကွတ်ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုကလည်း မေတ္တာကြီးမားလွန်းပါတယ် ။

“အမျိုးသမီးတစ်ယောက်က ဒီလိုအချိန်မှာ စိတ်ခွန်အားရဖို့ကို ငွေကြေးအခက်အခဲ ၊ နေစရာအခက်အခဲ ၊ ဒီအခက်အခဲတွေအပြင် မိဘရဲ့ Pressure တွေရှိမယ် ၊ ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်မှုတွေရှိမယ် ဒီလို ဖိအားတွေ အများကြီး ရှိနေချိန်မှာ ကလေးရဲ့ ဖခင်ကလည်း တာဝန်ယူမှုမရှိတဲ့ သူဆိုတော့ ဒီတော့ ကိုယ့်ကိုကိုယ်ပဲ သတ်သေရတော့မှာလား ၊ ရှေ့ကို ဘယ်လိုဆက်ရမှာလဲဆိုတဲ့ အားမာန်တစ်ခုလိုတယ်။ ဒီတော့ သူတို့ကို အစ်မလည်း နင်တို့လိုပဲဖြစ်ခဲ့တယ် ၊ ရုန်းကန်ခဲ့ရတယ်။ ခုဆိုရင် အခက်အခဲတွေကြုံလာတဲ့ ကိုယ်ဝန်ပေါင်းများစွာကို ပြန်ကယ်နိုင်ခဲ့တယ်ဆိုတဲ့ ခွန်အားလေးတစ်ခုကို ပေးနိုင်တဲ့အခါ သူတို့သည် ကိုယ့်ကို ကြည့်ပြီး အားမာန်တွေ ဖြစ်လာခဲ့တယ်။ ဒီကလေးကို မွေးဖို့ သတ္တိတွေ ဖြစ်လာခဲ့တယ်။ ကိုယ့်ရဲ့ အရိပ်ကိုရောက်တာနဲ့ ကိုယ့်ရဲ့ စောင့်ရှောက်မှုအောက်ကို ရောက်တာနဲ့ အေးချမ်းသွားတယ် ။ စားစရာ ၊ နေစရာ မပူရဘဲ အရာအားလုံး အရံသင့် သူတို့ အိမ်မှာ နေရတာထက်ကို အေးချမ်းတဲ့ နေရာတစ်ခုဖြစ်အောင် ဖန်တီးပေးထားတယ် ။ ဒါပေမယ့် ဘာတွေ ပေးထားပေးထား အဓိကကတော့ သူတို့ရဲ့ စိတ်ဓာတ်ခွန်အားပဲ ။ သူတို့မှာ ဖြတ်သန်းလိုတဲ့ စိတ်မရှိဘူး ၊ စိတ်ဓာတ်ခွန်အားမရှိဘူးဆိုရင် အစ်မ ဘယ်လောက် ပေးထားပေးထား အလကားပဲ ။ ဒါပေမယ့် သူတို့ အဲဒီလို စိတ်ဓာတ်ခွန်အားဖြစ်လာအောင်လို့လည်း ကိုယ့်ဘက်က ကြိုးစားပေးရတယ်။ သူတို့ စိတ်ခွန်အား ရစေနိုင်မယ့် စကားတွေ ၊ သူတို့ စိတ်ဒဏ်ရာ ပြေပျောက်နိုင်မယ့် စကားတွေ၊ ကိုယ်တစ်ယောက် တည်း မဟုတ်ဘူး။"

အားငယ်ဝမ်းနည်းနေတဲ့ ကိုယ်ဝန်ဆောင်သည်မိခင်တွေကို အားတက်စေတဲ့စကားလုံးတွေနဲ့လည်း နှစ်သိမ့်စောင့်ရှောက်ပေးပါသေးတယ်။

"ကိုယ့်ဘဝသည် အများကြီး ရှေ့ဆက်နိုင်သေးတယ်။ ဒါသည် ဘဝကြီးတစ်ခုလုံး ဆုံးသွားတာမဟုတ်ဘူး။ ကိုယ့်မှာ ခြေကောင်း လက်ကောင်းကြီး ၊ ကိုယ်တွေထဲမှာလည်း အကောင်းကြီး ရောဂါလည်း ရမသွားဘူး ကိုယ်ဝန်ဆောင်တစ်ခုဖြစ်သွားတာပဲ ရှိတယ်။ ဒီကလေးကို မွေးဖွားလိုက်တဲ့အတွက်လည်း ကိုယ့်ဘဝကြီးဟာ လုံးဝစုတ်ပြတ်သတ်သွားတာ မဟုတ်ဘူး။ ရှေ့ဆက်လို့ ရသေးတယ်။ ဒီကလေးလေးဟာ တချိန်မှာ ကိုယ့်အတွက် ခွန်အားတစ်ခုဖြစ်သွားနိုင်တယ်။ မေတ္တာဟာ ခွန်အားပဲ။ မိခင်စိတ်ဟာ ခွန်အားပဲ။ ကိုယ့်ကလေးအတွက်ဆိုတဲ့ စိတ်က အင်အားပါဝါက အရမ်းကြီးတယ်။ ကလေးကို ချစ်တဲ့စိတ်နဲ့ လဲကျမသွားဘူးဆိုတာမျိုးပြောပြတော့ သူတို့လည်း အားတက်လာတယ်။ အားငယ်စိတ်ကတော့ပေါ်နေဦးမှာပဲ။ ဒါကတော့ စိတ်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်ဆိုတော့ ဒါကတော့ မတတ်နိုင်ဘူး။ ဒါပေမယ့် ရင်ဆိုင်နိုင်တဲ့ စိတ်ဖြစ်အောင်တော့ လုပ်ရမှာပေါ့။ တခါတလေကျတော့ စိတ်ဆင်းရဲတာက သပ်သပ် ရှင်သန်ရတာက သပ်သပ်လေ။ ဆက်ရှင်သန်ရမယ် ။ လက်မြှောက်အရှုံးပေးလို့ မရတော့ဘူး။ ဘယ်လောက် အားငယ်ငယ် ဘယ်လောက်ပဲ ဝမ်းနည်းနည်း ကိုယ့်အတွက် ကိုယ့်ကလေးအတွက် ရှင်သန်ရမယ် ဆိုတဲ့ စိတ်ဓာတ်ခွန်အားပေးတော့ အားတက်လာကြတာပေါ့။ ခုတော့ စားဝတ်နေရေးအတွက် မပူရတော့ အပူက တဝက်သက်သာသွားပြီဆိုတော့ ခံစားမှုနဲ့ပတ်သက်ပြီး တရားထိုင်တာ သူတို့ရဲ့ ကိုးကွယ်ယုံကြည်မှုအရ ဝတ်ပြုဆုတောင်းတာလုပ်ကြတယ်ဆိုတော့ ဟိုမုန်းကြောင့် စိတ်ဓာတ်ကျတာလွဲရင် ကျန်တာ မရှိအောင် လုပ်ပေးထားတယ်။”

ခုဆိုရင်လည်း ရန်ကုန် ၊ မန္တလေး နဲ့ မေမြို့ တွေမှာပါ မာမီကွတ်ဖောင်ဒေးရှင်းဖြစ်အောင် မာမီကွတ်က ကြိုးစားနေပါတယ်။ မန္တလေးဘက်ကို မစတင်နိုင်သေးပေမယ့်လည်း ရန်ကုန် နဲ့ မေမြို့မှာတော့ နေရာထိုင်ခင်းတွေချ အဆောက်အဦးတွေ စတင်ဆောက်လုပ်နေပါပြီ။ မာမီကွတ်ရဲ့ ဘဝရည်မှန်းချက်ကတော့ သူ မရှိတော့တဲ့အချိန်မှာတောင် ဒီမာမီကွတ်ဆိုတဲ့ ခိုနားရာဟာ Single Mother တွေနဲ့ ရင်ခွင်မဲ့ ကလေးသူငယ်တွေအတွက် လုံခြုံနွေးထွေးတဲ့နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေစေချင်တယ်လို့ သိရပါတယ်။

သူ့ရဲ့ နောက်ထပ် ချစ်စရာရည်ရွယ်ချက်လေးကတော့ အာဟာရပြည့်ဝတဲ့ ဟင်းချက်နည်းတွေကို တီထွင်ချင်တာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ရန်ကုန် နဲ့ မေမြို့ခြံတွေမှာ သီးပင် စားပင်တွေ အများကြီး စိုက်ထားပြီး စိုက်ထားသမျှ သီးနှံတွေကလည်း ဖြစ်ထွန်းအောင်မြင်နေပါတယ်။ ဒီလို Organic သီးနှံတွေကို ခူးဆွတ်ချက်ပြုတ်ဖို့ Outdoor kitchen လေးပြုလုပ်ထားပြီး နောင်တချိန်မှာ ကလေးသူငယ်တွေအတွက်ပဲ ဖြစ်ဖြစ် အာဟာရပြည့်ဝတဲ့ ဟင်းချက်နည်းတွေ ချက်ပြုတ်ထားတာကို ဗီဒီယိုလေးရိုက်ပြီး ပေ့ချ်မှာတင်ချင်သူ ၊ ဟင်းချက်အစီအစဉ်လေးတွေ ပြုလုပ်ချင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီလို ရည်ရွယ်ချက်လေးရှိတဲ့ သူမဟာ ခုတော့ ခိုနားရာမဲ့နေတဲ့သူတွေအတွက် ကောက်ရိုးတစ်မျှင်အဖြစ်နဲ့ ရပ်တည်နေပါတယ်။

Single Mother ဆိုတဲ့ ဘဝကို ဘယ်အမျိုးသမီးကမှတော့ မလိုချင်ကြပါဘူး။ ဒါပေမယ့်လည်း ဖြစ်လာတဲ့အခါမှာ ဖြစ်လာတဲ့ဘဝကို အားမာန်အပြည့်နဲ့ ရင်ဆိုင်ကျော်ဖြတ်ကြရမှာပါပဲ။ ကိုယ့်ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးမယ့် မာမီကွတ်လို လူမျိုးကလည်း ရှိနေပြီဖြစ်တဲ့အတွက် ဘာကိုမှ လက်မလျှော့ဘဲ ဘဝကို အားမာန်အပြည့်နဲ့ ရင်ဆိုင်ဖို့သာလိုပါတော့တယ်။

အားမာန်အပြည့်နဲ့ ဘဝကို လျှောက်လှမ်းကြပါ။ ပွင့်သောပန်းတိုင်း ငွားငွားစွင့်စွင့် လှပနိုင်ကြပါစေ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က