ဝေဠုကျော်ကတော့ ကျူးကျော်မှာ နေထိုင်ပြီး ဆိုက်ကားနင်းရင်း မိသားစုဝမ်းစာဖြည့်နေရသူတွေအတွက် အလှူအတန်းတွေလုပ်သွားမယ်လို့ဆိုပါတယ်။
Photo: Wai Lu Kyaw
COVID-19 ကာလမှာ သရုပ်ဆောင် ဝေဠုကျော်ဦးဆောင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းဟာ ကျူးကျော်ရပ်ကွက်တွေမှာ နေထိုင်ရင်း မိသားစုဝမ်းစာအတွက် အလုပ်လုပ်နေရတဲ့ ဆိုက်ကားဆရာတွေ အတွက် စားနပ်ရိက္ခာ၊ အဝတ်အစားတွေ လှူမယ်လို့ ဝေဠုကျော်က ပြောပါတယ်။
"ကပ်ရောဂါကာလ ရှည်ကြာလာတာနဲ့အမျှ။ အချို့ လက်လုပ်လက်စားတွေ၊ စားဝတ်နေရေး ကျပ်တည်းကုန်ကြပြီ။ ကျူးရပ်ကွက်မျိုးစုံက အလှူခံတွေကလဲ ပတ်လည်ဝိုင်းနေကြပြီလေ။အရင်အပတ်တွေကသန်လျင်ကျူးနဲ့ လူကြမ်းသရုပ်ဆောင်တွေကို လှူပေးပြီးပြီ။ ဒီတစ်ခါနေသာတဲ့နေ့လေးမှာ ဆိုက်ကားသမားတွေကို ဆန်၊ဆီ ၊ရှပ်အကျီ်လေးတွေလှူမယ်။ ကိုယ်တွေနေတဲ့နားက ဆိုက်ကားသမားလေးတွေက သန်လျင်ကျူးတို့ တောင်ဒဂုံကျူးတို့ အဝေးကြီးတွေက ဆိုက်ကား လာနင်းနေကြတာလေ။ သူဌေးရပ်ကွက်ထဲ လာနင်းနေကြတော့ အလှူလဲမရကြပါဘူး" ဆိုပြီးတော့ မေလ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။
Photo: Wai Lu Kyaw
စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရတဲ့ ရွှေပြည်သာမှာရှိတဲ့ ကျူးကျော်ရပ်ကွက်တွေကို သွားရောက် လှူဒါန်းဦးမယ်လို့ ဝေဠုကျော်က ပြောပါတယ်။
"ဆိုက်ကားသမားတွေ ပြီးရင်တော့ ရွှေပြည်သာက ကျူးတွေဆီ သွားလှူဖို့ စဉ်းစားထားတယ်။ပိုနေသူများကလည်း လိုနေသူများကို ဝိုင်းဝန်းလှူဒါန်းပေးကြဖို့၊ ဆန်တစ်လုံးပဲဖြစ်ဖြစ်၊ဆန်တစ်ပြည်ပဲဖြစ်ဖြစ် ထည့်ဝင်လှူဒါန်းပေးဖို့ ၅၀၀/၁၀၀၀ ကအစ အလှူခံပါရစေ။ ဝေဠုကျော်ဖောင်ဒေးရှင်း" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါသေးတယ်။
Photo: Wai Lu Kyaw
သရုပ်ဆောင် ဝေဠုကျော် ဦးဆောင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းဟာ အခုလက်ရှိ COVID-19 ရောဂါ ကာကွယ်ရေးအတွက် သံသယလူနာများ သယ်ယူပို့ဆောင်ခြင်း၊ ဆေးဖြန်းခြင်းများဆောင်ရွက်လျှက်ရှိပါတယ်။ အဲဒီနောက် အမှန်တကယ် လိုအပ်မှု ရှိနေတဲ့ နေရာဒေသတွေမှာလည်း စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ မေလ(၁၇) ရက်နေ့တုန်းကလည်း နာဂဒေသအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို ဝေဠုကျော် ဖောင်ဒေးရှင်းက လှူဒါန်းခဲ့တာ တွေ့ရပါတယ်။
Photo: Wai Lu Kyaw
မေလ(၁၈) ရက်နေ့တုန်းကလည်း ဝေဠုကျော်နဲ့ နေထူးနိုင်တို့ ပူးပေါင်းကာ လူကြမ်းသရုပ်ဆောင်များရဲ့ နေအိမ်အထိစားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ကူညီခဲ့တာ တွေ့ရပါတယ်။ ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။ အဲဒီနောက် လာကမ်းလှမ်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။