မြန်မာနိုင်ငံက နာမည်ကျော် အနုပညာရှင်များနဲ့ ယိုးဒယားက အနုပညာရှင်တွေ ပူးပေါင်းပြီး ရိုက်ကူးပုံဖော်ထားတဲ့ “ LadyBoy” ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသခွင့် ရသွားပါပြီ။ Bo Bo Film Production က ထုတ်လုပ်ထားပြီး ကုန်ကျစရိတ်အများဆုံးဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကားလို့ သိရပါတယ်။
Photo : ကိုပေါက်
Bo Bo Film Production က ရိုက်ကူးထုတ်လုပ်ထားတဲ့ “LadyBoy” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီး (၆) လအတွင်း ရုံတင်ပြသခွင့်ရရှိသွားပြီလို့ သိရပါတယ်။ အဲဒီဇာတ်ကားကြီးက မြန်မာနိုင်ငံက နာမည်ကျော် အနုပညာရှင်များနဲ့ ယိုးဒယားက အနုပညာရှင်တွေ ပူးပေါင်းပြီး ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလောက်က ရိုက်ကူးထားတဲ့ ဇာတ်ကားကြီးကို ဇွန်လမှာ ပြသသွားမှာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ရိုက်ခဲ့တဲ့ကားထဲမှာ ကုန်ကျစရိတ်အများဆုံးနဲ့ ကြိုတင်ပြင်ဆင်မှုတွေသေချာလုပ်ထားပြီး ပါဝင်သူအားလုံး ခက်ခဲပင်ပန်းမှုတွေအများကြီးကျော်ဖြတ်ထားတဲ့ "LadyBoy" ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ခွင့်ရပါပြီ” လို့ ထုတ်လုပ်သူ ကိုဘိုစန်းရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၂၈) ရက်နေ့က ရေးသားထားတာ တွေ့ရပါတယ်။
Photo : ပြေတီဦး
LadyBoy ရုပ်ရှင်ဇာတ်ကားကြီးကို နာမည်ကြည့်ပြီး မိန်းမလျာကားလို့ ထင်နေတဲ့ ပရိသတ်တွေအတွက်လည်း ဒါရိုက်တာ ကိုပေါက်က ယခုလို ပြောခဲ့ပါသေးတယ်။
'' ဇာတ်ကားနာမည်အရတော့ ယောကျ်ားလျာကား၊ အခြောက်ကားလို့တော့ ထင်ကောင်း ထင်လိမ့်မယ်။ တကယ်တော့ ဒီဇာတ်ကားက အခြောက် ဇာတ်ကားမဟုတ်ပါဘူး၊ ဘန်ကောက်ကို ရောက်သွားတဲ့လူတစ်ယောက်ရဲ့ ဘာသာစကားနားမလည်မှုတွေကြောင့် ဖြစ်ပေါ် လာတဲ့ အခက်အခဲတွေကြားမှာ အဆင်ပြေသလို နေရတဲ့ ပုံစံလေးပါ''လို့ ကိုပေါက်က ၂၀၁၈ခုနှစ် သြဂုတ်(၂၉) ရက်နေ့က ပြောပါတယ်။
LadyBoy ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ(၆) ရက်နေ့ကစပြီး မင်္ဂလာရုပ်ရှင် ရုံကြီးများမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ Ladyboy ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၈ခုနှစ်၊စက်တင်ဘာလ ၅ ရက်နေ့က စပြီး ထိုင်းနိုင်ငံမှာ ရက် ၂၀ အကြာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကား ထဲမှာ သရုပ်ဆောင် ပြေတီဦး၊ ခန့်စည်သူ၊ ကျော်ကျော်ဗို၊ ဂျိုကာနဲ့ အိချောပိုတို့နဲ့ အတူ ထိုင်းမင်းသမီးလေး ကဒါဖီ ကလည်း အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။