အိန္ဒိယအရှေ့ပိုင်းရှိ ကိုလ်ကတ္တားမြို့မှာ အကြီးအကျယ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအမ်ဖန် ဖြတ်သန်းတိုက်ခတ်မှုကြောင့် အိန္ဒိယအရှေ့ပိုင်းရှိ ကိုလ်ကတ္တားမြို့မှာ အကြီးအကျယ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ လူ ၈၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

(Photo: Reuters)

ဆိုင်ကလုန်းအမ်ဖန် (Cyclone Amphan) ဟာ ကုန်းတွင်းပိုင်းကို ဗုဒ္ဓဟူးနေ့ (မေ ၂၀ ရက်) မွန်းလွဲပိုင်းမှာ စတင်ဝင်ရောက်ခဲ့ပြီး ကမ်းရိုးတန်းဒေသတစ်လျှောက် အလွန်အားကောင်းတဲ့ လေပြင်းတိုက်မှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မုန်တိုင်းဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်သန်းတိုက်ခတ်ပြီးနောက် အားလျော့သွားပြီး ဘူတန်နိုင်ငံ မြောက်ဘက်သို့ ရွေ့လျားသွားကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ 



မုန်တိုင်းတိုက်မှုကြောင့် ထောင်နဲ့ချီတဲ့ သစ်ပင်များ အမြစ်မှကျွတ်ထွက်လဲကျခြင်း၊ အဆောက်အအုံအမိုးများ လွင့်ထွက်ခြင်း၊ ဓာတ်တိုင်နဲ့ ဖုန်းလိုင်းများ လဲကျခြင်းနဲ့ နေအိမ်ပြိုပျက်ခြင်း အပါအဝင် အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် ကိုလ်ကတ္တားမြို့ရှိ လမ်းအများအပြားမှာ ရေကြီးနေပြီး လူဦးရေ ၁၄ သန်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံနေခဲ့ရပါတယ်။

(Photo: Reuters)

ဆိုင်ကလုန်းအမ်ဖန်ဟာ ၁၉၉၀ ပြည့်နှစ်က ဩရိသမုန်တိုင်းပြီးလျှင် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာတဲ့ ပထမဆုံး စူပါဆိုင်ကလုန်းမုန်တိုင်းလည်း ဖြစ်ပါတယ်။ ဩရိသမုန်တိုင်း တိုက်ခတ်ခဲ့စဥ်က လူ ၉,၈၀၀ ကျော် သေဆုံးခဲ့ပြီး အိန္ဒိယနိုင်ငံ ဩရိသပြည်နယ်ကို တိုက်ရိုက် ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့စဥ် ဆိုင်ကလုန်းအမ်ဖန်ဟာ အနည်းငယ် အားလျော့သွားခဲ့ပေမဲ့ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နေဆဲလို့ ဆိုပါတယ်။ ဆိုင်ကလုန်းအမ်ဖန်ဟာ မေ ၂၀ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ လူဦရေလေးသန်း နေထိုင်ကြတဲ့ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး Sundarbans လမုတောဧရိယာကို စတင်ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ကိုလ်ကတ္တားမြို့ကို ဦးတည်သွားခဲ့တာ ဖြစ်ပါတယ်။

(Photo: Reuters)

အိန္ဒိယနိုင်ငံ အနောက်ဘင်ဂေါပြည်နယ် နေရာဒေသများနဲ့ ဩရိသပြည်နယ်၊ ဘင်္ဂလားဒေ့ရှ် အနောက်တောင်ပိုင်း နေရာဒေသတွေကို တစ်နာရီလျှင် ၁၁၅ မိုင်အထိ အားကောင်းပြင်းထန်တဲ့ လေတိုက်နှုန်းဖြင့် ဖြတ်သန်းတိုက်ခတ်သွားခဲ့ပါတယ်။ ဆိုင်ကလုန်းအမ်ဖန် ဖြတ်သန်းတိုက်ခတ်မှုကြောင့် အိန္ဒိယနိုင်ငံ အနောက်ဘင်ဂေါပြည်နယ်မှာ အနည်းဆုံး လူ ၇၂ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၂ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားပါတယ်။

အနောက်ဘင်ဂေါပြည်နယ်မြို့တော် ကိုလ်ကတ္တားမြို့မှာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုဟာ COVID-19 ကပ်ရောဂါထက် ပိုမိုကြီးမားကြောင်း ပြည်နယ်ဝန်ကြီးချုပ် Mamata Banerjee က ဆိုပါတယ်။ "နေရာဒေသ တစ်ခုပြီးတစ်ခု ပျက်စီးသွားခဲ့တယ်၊ စစ်ပွဲလို အခြေအနေကို ကျွန်မ ဒီနေ့ ကြုံတွေ့ရတာပါပဲ" လို့ Mamata Banerjee က PTI (Press Trust of India) သတင်းဌာနကို ပြောပါတယ်။


အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှ မုန်တိုင်းမဝင်ရောက်မီ လူဦးရေ ၇ သန်းထက်မနည်းကို မုန်တိုင်းအန္တရာယ်လွတ်ရာ နေရာများရှိ ယာယီခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းထားခဲ့ပါတယ်။ နှစ်နိုင်ငံလုံးမှာ COVID-19 ကူးစက်ဖြစ်ပွားမှုတွေရှိနေရာ မုန်တိုင်းလမ်းကြောင်းရှိ ဒေသခံတွေကို ရွှေ့ပြောင်းရာမှာလည်း လူများ ခပ်ခွာခွာနေစေရန်ပါ စီစဥ်ခဲ့ကြရပြီး တာဝန်ရှိသူတွေအတွက် ပိုမိုခက်ခဲခဲ့ကြောင်း သိရပါတယ်။

(နောက်ဆက်တွဲသတင်းနဲ့ ကိန်းဂဏန်းအချက်အလက် အပြောင်းအလဲရှိလာနိုင်ပါတယ်)

Share

Loading Next Article...
က္က