နောက်(၁၂)နာရီအတွင်း စူပါဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်ပါတယ်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်အရှိန်ကြောင့် မြန်တစ်နိုင်ငံလုံး မိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်။ 

“ လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းက နောက် (၇၂)နာရီအတွင်းမှာ ကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်နိုင်ပြီး ၊ (၁၂)နာရီအတွင်းမှာ ပိုမိုအားကောင်းနိုင်တဲ့ စူပါဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်ပါတယ်။ စူပါဆိုင်ကလုန်းမုန်တိုင်းက အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့နိုင်ငံကမ်းခြေဒေသများကို ဝင်ရောက်လာနိုင်တယ်လို့ ခန့်မှန်းရတယ်။ မြန်မာနိုင်ငံမှာတော့ မုန်တိုင်းအရှိန်ကြောင့် တစ်နိုင်ငံလုံးမိုးရွာနိုင်ပြီး လေပြင်းတိုက်ခတ်နိုင်တယ်”လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။ 

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးသက်လေပြင်းများကျရောက်ခြင်းနဲ့အတူ လှိုင်းကြီးမည့် အခြေအနေများကို ကမ်းနီး၊ ကမ်းဝေး သွားလာနေကြတဲ့ ငါးဖမ်းရေယာဉ်များသတိပြုသွားလာကြဖို့ကိုလည်း မိုးဇလက သတိပေးထုတ်ပြန်ထားပါတယ်။ မုန်တိုင်းဟာ ဒီကနေ့ မနက်တိုင်းတာချက်အထိ မြန်မာနိုင်ငံကို ဝင်ရောက်လာနိုင်ဖွယ်မရှိတာကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ မုန်တိုင်းဖြစ်ပေါ်ချိန်အတွင်း တစ်နာရီကို အမြင့်ဆုံးလေတိုက်နှုန်း (၁၂၀)မိုင်နှုန်းနဲ့ ပင်လယ်ရေမျက်နှာပြင်တို့မှာ (၈)ပေမှ (၁၂)ပေအထိ မြင့်တက်နိုင်တယ်လို့သိရပါတယ်။

လက်ရှိအချိန်ထိ ခန့်မှန်းချက်အရ မြန်မာနိုင်ငံအနေနဲ့ မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေကြီးခြင်းနဲ့ မြေပြိုခြင်း အန္တရာယ်တွေကို သတိပြုဖို့လိုတယ်လို့လည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှလည်း သတိပေးပြောကြားထားပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က