"မုန်တိုင်းရဲ့ အခြေအနေကြောင့်မို့ နောက် ၄၈ နာရီအတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ် ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ နေရာစိပ်စိပ်လောက် မိုးထစ်ချုန်းရွာနိုင်တဲ့ အနေအထားရှိပါတယ်။" လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကို ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းဟာ လက်ရှိအချိန်မှာ ပင်လယ်ပြင်ကို ရောက်ရှိနေပြီဖြစ်ပြီး မုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့မှာ ၄၈ နာရီအတွင်း မိုးထစ်ချုန်းရွာနိုင်ပြီး တချို့နေရာတွေမှာတော့ လေပြင်းတိုက်ခတ်တာတွေပါ ကြုံရနိုင်တယ်လို့ သိရပါတယ်။ လက်ရှိ မုန်တိုင်းရဲ့ အခြေအနေကိုလည်း လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ခုလိုပြောပြပါတယ်။
"လက်ရှိကတော့ သူက အနောက်မြောက်ဘက်ကို ဖြေးညင်းစွာရွေ့နေတယ်။ ဒီနေ့ ညပိုင်းလောက်ဆိုရင်တော့ အရှေ့မြောက်ဘက်ကို ပြန်ပြီးရွေ့လာမယ့် အနေအထားဖြစ်လာမယ်။ အိန္ဒိယနိုင်ငံ ပါရာဒက်ရဲ့ တောင် အနောက်တောင်ဘက်မှာ ရေမိုင် ၅၃၀ ခန့်အကွာမှာ ရှိတယ်၊ နောက် အိန္ဒိယနိုင်ငံ ဒီကာမြို့ရဲ့ တောင် အနောက်တောင်ဘက်မှာ ရေမိုင် ၆၂၂ မိုင်၊ နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကန်ကူဘာမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၆၈၁ မိုင်မှာ လောလောဆယ်တော့ ဗဟိုပြုနေတယ်။ မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ ကိုကိုကျွန်း အနောက်တောင်ဘက် ရေမိုင် ၄၅၇ မိုင် ၊ နောက် ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၆၀၀ ခန့်အကွာမှာ ပင်လယ်ပြင်မှာ ဗဟိုပြုနေတယ်။ လက်ရှိမှာတော့ မြန်မာ့ကမ်းရိုးတန်းကို ဦးတည်နိုင်တဲ့ အခြေအနေ မရှိသေးတာကြောင့် လက်ရှိမှာတော့ အဝါရောင်အဆင့်ပဲ ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။" လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကို ပြောပါတယ်။
မုန်တိုင်းရဲ့ လက်ရှိတည်နေရာကတော့ မြောက်လတ္တီကျူ့ ၁၁.၃ နဲ့ အရှေ့လောင်ဂျီကျူ့ ၈၆.၁ မှာ ရှိတယ်။ ဗဟိုချက်ရဲ့ လေဖိအားကတော့ ၉၉၇ ၊ အမြင့်ဆုံး လေတိုက်နှုန်းကတော့ မိုင် ၅၀ လောက် ရှိတယ်လို့ သိရပါတယ်။
"နောက် ၃၆ နာရီအတွက် ခန့်မှန်းချက်ကတော့ ဒီညပိုင်းလောက်မှာတော့ အားကောင်းသော ဆိုင်ကလုန်းမိုင်တိုင်း အဆင့်ကို ရောက်နိုင်တယ်။ ၁၈ ရက်နေ့ ရောက်ရင်တော့ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်နိုင်တဲ့ အနေအထားမျိုးမှာ ရှိတယ်၊ တဖြေးဖြေးနဲ့ အားကောင်းလာမယ့် အနေအထားမှာတော့ ရှိတယ်။" လို့ သူက ဆက်ပြောပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်မှာတော့ မုန်တိုင်းရဲ့ အရှိန်ကြောင့် ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်တယ်ပြီး မိုးသက်လေပြင်းကျတဲ့အချိန်မှာလည်း ရေပြင်မြေပြင်ဟာ တစ်နာရီကို မိုင် ၄၀ လောက်အထိကို တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်ပေကတော့ ၈ပေကနေ ၁၂ပေ ထိရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ သွားလာနေတဲ့ ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဥ်တွေ ၊ ပင်လယ်ပြင်မှာ လုပ်ကိုင်နေသူတွေ နဲ့ သင်္ဘောတွေအနေနဲ့လည်း ကြိုတင် သတိထားသင့်ပြီး ၁၈ရက်ကနေ ၂၁ ရက်နေ့လောက်ထိ ပင်လယ်ပြင်သွားလာမှုတွေကို ရှောင်ကြဉ်သင့်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ မုန်တိုင်းဟာ ပင်လယ်ထဲမှာရှိနေသေးတာကြောင့် အချိန်မရွေးပြောင်းလဲလာနိုင်တဲ့အတွက် မုန်တိုင်းသတင်းကို အဆက်မပြတ်နားထောင်နေသင့်ကြောင်း သတိပေးပြောကြားထားပါတယ်။