ရခိုင်ပြည်နယ် စစ်တွေမြို့မှာ သြဂုတ်လ ၁၆ ရက်ကနေ ၂၂ ရက်နေ့မနက်ပိုင်းအထိ ပြည်တွင်းကူးစက်ခံရသူ ပိုးတွေ့လူနာ ၄၅ဦးအထိရှိခဲ့ပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကနေ မန္တလေးတိုင်းဒေသကြီးထဲဝင်ရောက်လာမယ့်ခရီးသည်တွေဟာ ယမန်နေ့(သြဂုတ် ၂၁ ရက်)ကစလို့ ကွာရန်တင်း ၂၁ ရက်ဝင်ရမှာဖြစ်သလို တစ်ဆင့်ခရီးသွားတွေကိုလည်း ဓာတ်ခွဲနမူနာရယူစစ်ဆေးပြီးမှခရီးဆက်ခိုင်းမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ကိုဗစ်-၁၉ သတင်းမှန်ပြန်ကြားရေးနှင့် ကိုဗစ်-၁၉ သတင်းမှားဖြန့်ဝေသူများရှာဖွေဖော်ထုတ်စောင့်ကြည်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ရှမ်းတိုင်းရင်းရေးရာဝန် ကြီး ဦးစိုင်းပန်းဆိုင်ကပြောပါတယ်။

"ရခိုင်ဘက်ကလာကြတဲ့ခရီးသည်တွေ ကွာရန်တင်းဝင်ဖို့က မနေ့ကစပါတယ်၊ ဝန်ကြီးဌာနအချင်းချင်းချိတ်ဆက်ပြီးတော့ ဆောင်ရွက်တာပါ၊ ရခိုင်ဘက်ကထွက် လာမယ့်ယာဉ်လိုင်းတွေကခရီးသည်စာရင်းကို သူတို့ဘက်ကပို့ပေးမယ်၊ ဒီမှာစီစဉ်ထားတဲ့နေရာမှာ ၂၁ ရက် ကွာရန်တင်း ဝင်ဖို့စီစဉ်ထားတယ်"လို့ ဝန်ကြီးကပြောပါတယ်။ ရခိုင်ပြည်နယ်ဘက်ကဝင်လာမယ့် ခရီးသည်တွေကို မဖြစ်မနေ ကွာရန်တင်း ထားရှိစောင့်ကြည့်သွားဖို့ သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနတွေကတစ်ဆင့်ညွှန်ကြားထားတယ်လို့သိရပြီး ၎င်းတို့အနေနဲ့ မန္တလေးမြို့အနောက်ဘက်က ဇီဝိတဒါနသံဃာ့ဆေးရုံကြီးမှာ ၂၁ ရက် ကွာရန်တင်း ဝင်ရမှာဖြစ်တယ်လို့လည်း ဝန်ကြီးကဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ စစ်တွေမြို့မှာပြည်တွင်းကူးစက်မှုပိုမိုတွေ့ရှိလာပြီးနောက်မှာပဲ မန္တလေးတိုင်းဒေသကြီးအစိုးရက အခုလိုညွှန်ကြားခဲ့တာဖြစ်ပါတယ်။ ခရီးဆက်မယ့်ခရီးသည်တွေကိုလည်း Swab ယူမယ် စစ်ဆေးမယ် ပြီးမှခရီးဆက်စေမယ် လို့လည်း ဝန်ကြီးကပြောပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ သြဂုတ်လ ၁၆ ရက်ကနေ ၂၂ ရက်နေ့မနက်ပိုင်းအထိ ပြည်တွင်းကူးစက်ခံရသူ ပိုးတွေ့လူနာ ၄၅ဦးအထိရှိခဲ့ပြီး ပြည်ပခရီးသွားရာဇဝင်မရှိသလို အတည်ပြုလူနာတွေနဲ့ထိတွေ့မှုမရှိခဲ့သူတွေလည်းပါဝင်နေပါတယ်။ ဒီအတွက်ကြောင့်လည်း စိုးရိမ်စရာအခြေအနေဖြစ်လို့ဆိုပြီး အစိုးရက စစ်တွေမြို့ကို Stay at Home လုပ်ထားသလို ည ၉ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်လည်းနှစ်လကြာထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က