New World Therapeutic Training Centre မှာ ဆရာနှစ်ဦးရဲ့ ရိုက်နှက်နှိပ်စက်မှုဒဏ်ကိုခံခဲ့ရတဲ့ အော်တစ်ဇင်ကလေးငယ်မှာ စိတ်ဒဏ်ရာရနေပြီး ဆရာဝန်နဲ့ ဆေးကုသမှုခံယူနေရတယ်လို့ ကလေးငယ်ရဲ့ မိခင် ဒေါက်တာခန့်ခန့်ဝင်းရွှေက Duwun ကိုပြောပါတယ်။
“ အစ်မကလေးက စိတ်ကျန်းမာရေးအခြေအနေမကောင်းဘူး။ စိတ်က ကြမ်းနေတာ။ စိတ်ဒဏ်ရာရသွားတာကို။ အခုတော့ ဆရာဝန်နဲ့ ပြနေရတယ်”လို့ မိခင်ဖြစ်သူ ဒေါက်တာ ခန့်ခန့်ဝင်းရွှေက ဆိုပါတယ်။
ကလေးငယ်နှိပ်စက်ခံရမှု ဖြစ်စဉ်ကို လာမယ့် စနေ၊တနင်္ဂနွေ တစ်ရက်ရက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့စီစဉ်ထားပေမယ့် ကလေးရဲ့ ကျန်းမာရေးအခြေအနေ ကြောင့် ရွှေ့ဆိုင်းထားရပြီး ရက်အတိအကျမပြောနိုင်သေးဘူးလို့ ဒေါက်တာခန့်ခန့်ဝင်းရွှေက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ဒဂုံမြို့နယ်ရှိ အထူးကလေးများကို စောင့်ရှောက်ရေးဂေဟာအဖြစ် ဖွင့်လှစ်ထားတဲ့ New World Therapeutic သင်တန်းကျောင်းမှာ တက်ရောက်နေတဲ့ အသက် ၁၀ နှစ်အရွယ် စကားမပြောနိုင်တဲ့ အော်တစ်ဇင်ကလေးငယ်ကို ဝန်ထမ်းဆရာနှစ်ဦးက ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ် လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့တာပါ။
ဖြစ်စဉ်မှာ အောက်တိုဘာ (၃၀) ရက်က ကျောင်းကနေ ပြန်လာတဲ့ ကလေးငယ်ရဲ့ မျက်နှာ ညိုမဲဒဏ်ရာတွေကို မိခင်ကတွေ့ခဲ့တာကြောင့် သင်တန်းကျောင်းက CCTV မှတ်တမ်းကို တောင်းယူကြည့်ခဲ့ရာ ကလေးငယ်ရိုက်နှက်ခံရကြောင်း သိရှိခဲ့ရတာဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကို ကော်မရှင်ကို တိုင်စာပေးပို့ထားရာ ကော်မရှင်ကလည်း စစ်ဆေးပြီး သက်ဆိုင်ရာဌာနကို တင်ပြထားတယ်လို့ သိရပါတယ်။
“ ကော်မရှင်က အစ်မကိုလည်းခေါ်ပြီး မေးမြန်းပါတယ်။ သူတို့ဘက်က ဒီဖြစ်စဉ်ကို သက်ဆိုင်ရာဌာနတွေကို စာတွေပို့ပြီး အရေးယူလိုက်ပါပြီလို့ ပြောပါတယ်။ ကျွန်မဆီကိုလည်း စာပို့ပေးမယ်ပြောပါတယ်။ အခုထိတော့ ရောက်မလာသေးဘူး” လို့ ဒေါက်တာခန့်ခန့်ဝင်းရွှေက Duwun ကိုပြောပါတယ်။
ကျုးလွန်သူ နှစ်ဦးကို မြောက်ဒဂုံမြို့မရဲစခန်းမှာ မသန်စွမ်းသူများ ဥပဒေပုဒ်မ ၁၀၃ (က) နဲ့ အမှုဖွင့်တိုင်ကြားထားပြီး ရဲစခန်းကတော့ အာမခံနဲ့ ပြန်လွှတ်ပေးထားတယ်လို့လည်း သိရပါတယ်။
မြန်မာအော်တစ်ဇင်အသင်းကလည်း ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကလေးငယ်အပေါ် ကြမ်းတမ်းစွာ ပြုမူဆက်ဆံမှု အပေါ် လုံးဝလက်သင့်မခံကြောင်းနဲ့ ကျုးလွန်သူတွေကိုလည်း ထိရောက်စွာ အရေးယူပေးစေလိုကြောင်း ကြေညာချက် တစ်ရပ်ထုတ်ပြန်ထားပါတယ်။
ကလေးငယ်နှိပ်စက်ခံရမှု ဖြစ်ပွားခဲ့တဲ့ New World Therapeutic Training Center ကို Duwun က ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် အဆိုပါကျောင်းရဲ့ ဖုန်းမှာ စက်ပိတ်ထားပါတယ်။
Share