ထိုင်းအစိုးရက နိုင်ငံရဲ့ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရန်ရည်ရွယ်ပြီး ထိုင်းသင်္ကြန် ဆွန်ခရန် (Songkran) ပွဲတော်ကာလ အများပြည်သူ အလုပ်ပိတ်ရက်ကို နောက်ထပ်နှစ်ရက် ထပ်တိုးသတ်မှတ်သွားရန် စဥ်းစားနေကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ယမန်နေ့ (ဖေဖေါ်ဝါရီ ၁၇ ရက်) မှာ ပြောကြားပါတယ်။
နောက်ဆုံး ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး
(Photo: ArtzSamui/TheTaiger)
ထိုင်းနှစ်သစ်ကူး ဆွန်ခရန်ပွဲတော်အတွက် အများပြည်သူ အလုပ်ပိတ်ရက်ကို ကိုးရက်သတ်မှတ်ရန် စဥ်းစားနေတယ်လို့ ဝန်ကြီးချုပ်ပရာယွတ်က ဆိုပါတယ်။ သို့သော် ဆွန်ခရန်ပွဲတော်ပိတ်ရက် အစီအစဥ်နဲ့ပတ်သက်ပြီး နောက်ဆုံးထား ထုတ်ပြန်ကြေညာမယ့် အချိန်ကာလကိုတော့ ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း မရှိပါဘူး။
"နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ မချရသေးပါဘူး" လို့ ပရာယွတ်က ပြောပါတယ်။ ပုံမှန်အားဖြင့် ထိုင်းနိုင်ငံမှာ ဆွန်ခရန်ပွဲတော် ပိတ်ရက်ဟာ နှစ်စဥ် ဧပြီ ၁၃ ရက်မှ ၁၅ ရက်အထိ ဖြစ်ပါတယ်။ ယခုနှစ်မှာ ဆွန်ခရန်ပွဲတော်ပိတ်ရက်ဟာ တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိဖြစ်ရာ ထိုပိတ်ရက်များမတိုင်မီ စနေ၊ တနင်္ဂနွေ နှစ်ရက်ကိုပါ ထည့်တွက်ပါက ငါးရက်ဆက်တိုက် အားလပ်ရက်ဖြစ်နေပါတယ်။
အားလပ်ရက်ရှည်ရခြင်းကြောင့် ခရီးသွားသူပိုများပြီး ငွေပိုမိုသုံးစွဲလာနိုင်ရာ ခရီးသွားလုပ်ငန်းကို မြှင့်တင်စေနိုင်မယ်လို့ ဆိုပါတယ်
(Photo: Somchai Poomlard/Bangkok Post)
ထိုအခြေအနေမှာ ကြာသပတေးနဲ့ သောကြာနေ့တို့ကိုပါ ပိတ်ရက်အဖြစ် သတ်မှတ်လိုက်ပြီး ယခုနှစ် ဆွန်ခရန်ပွဲတော်ပိတ်ရက်ကို ဧပြီ ၁၁ ရက်မှ ၁၉ ရက်အထိ ကိုးရက်အဖြစ် တိုးမြှင့်သတ်မှတ်ရန် လက်ထောက်ဝန်ကြီးချုပ် Somkid Jatusripitak က စိတ်ကူးအကြံပြုခဲ့တယ်လို့ ဆိုပါတယ်။ အားလပ်ရက်ရှည်ရခြင်းကြောင့် ခရီးသွားသူပိုများပြီး ငွေပိုမိုသုံးစွဲလာနိုင်ရာ ခရီးသွားလုပ်ငန်းကို မြှင့်တင်စေနိုင်မယ်လို့ လက်ထောက်ဝန်ကြီးချုပ်က ပြောကြောင်း Bangkok Post သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိမှာ ကမ္ဘာတစ်ဝန်း ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေဖြစ်နေတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် ထိုင်းနိုင်ငံကို ဗိုင်းရပ်စ်စတင်တွေ့ရှိရာ တရုတ်နိုင်ငံမှ ခရီးသွားဝင်ရောက်မှု သိသာစွာကျဆင်းနေခဲ့ပြီး ခရီးသွားလုပ်ငန်းကို ထိခိုက်မှုတွေရှိနေပါတယ်။
(Photo: Nutthawat Wicheanbut/Bangkok Post)
ဗိုင်းရပ်စ်ဂယက်ကြောင့် အရှေ့တောင်အာရှမှာ ခရီးသွားလုပ်ငန်း ထိခိုက်ကျဆင်းမှုတွေ ကြုံတွေ့နေရပါတယ်
ယခင်က ထိုင်းနိုင်ငံကို တစ်လလျှင် ပုံမှန်အားဖြင့် တရုတ်ခရီးသွား တစ်သန်းနီးပါးအထိ လာရောက်လည်ပတ်ခဲ့ကြပေမဲ့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်း ယခု ဖေဖေါ်ဝါရီလမှာတော့ တရုတ်ခရီးသွားဦးရေ ၉၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့တယ်လို့ AFP သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ယနေ့ညနေပိုင်းအထိ စာရင်းတွေအရ ထိုင်းနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၅ ဦး စစ်ဆေးတွေ့ရှိကြောင်း အတည်ပြုထားပါတယ်။
ထိုင်းနိုင်ငံကို လာရောက်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအနက် တရုတ်နိုင်ငံသားတွေ အများဆုံးဖြစ်ပြီး ၂၅ မှ ၃၀ ရာခိုင်နှုန်းအထိလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဂယက်ကြောင့် အရှေ့တောင်အာရှဒေသမှ ထိုင်းနိုင်ငံသာမက လာအို၊ ကမ္ဘောဒီးယား အစရှိတဲ့နိုင်ငံတွေမှာလည်း ခရီးသွားလုပ်ငန်း ထိခိုက်ကျဆင်းမှုတွေ ကြုံတွေ့နေရကြောင်း သိရပါတယ်။
(Photo: ChiangraiTimes)
ဖေဖေါ်ဝါရီ ၁၈ ရက် ညနေပိုင်းအထိ တရားဝင်စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၃,၄၇၂ ဦးရှိပြီး ပြန်လည်သက်သာလာသူ ၁၃,၀၆၇ ဦးရှိပါတယ်။ ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးမှာ ၁,၈၆၈ ဦးနဲ့ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဂျပန်၊ ဖိလစ်ပိုင်၊ ပြင်သစ်တို့မှာ တစ်ဦးစီ သေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက် စုစုပေါင်း ၁,၈၇၃ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။