ရခိုင်ပြည်နယ်ကနေ ပြန်လာပြီး သတင်းလည်းမပို့ ၊ ဆက်သွယ်ခြင်းလည်း မရှိတဲ့သူတွေကို စက်တင်ဘာ (၁၁) ရက်နောက်ပိုင်းကစပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူတော့မှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့ကစပြီး ရခိုင်ပြည်နယ်ကနေ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ကျန်တိုင်းနဲ့ပြည်နယ်တွေကို ပြန်ရောက်လာတဲ့သူတွေအားလုံးဟာ သက်ဆိုင်ရာကျန်းမာရေးဌာနတွေကို အကြောင်းကြားဆက်သွယ်မှု မရှိသလို ၊ တာဝန်ရှိသူတွေရဲ့ဆက်သွယ်မှုကိုလည်း လက်ခံမပြောဆိုတာတွေရှိနေတာကြောင့် အခုလို ဥပဒေနဲ့အရေးယူဖို့ လုပ်ဆောင်ရတာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာလူနာမှတ်တမ်းများစစ်ဆေးနေစဉ်
" တာဝန်သိပြည်သူတွေဖြစ်ဖို့လိုတယ်။သူကသာပိုးပါရင် အိမ်ကလူတွေကူးမယ်။အိမ်ကနေတဆင့်ကူးတဲ့သူတွေကလမ်းပေါ်ထွက်ရင် ထပ်ကူးမယ်။လမ်းပေါ်ကနေ ရပ်ကွက်သွားရင် ရပ်ကွက်ကူးမယ်။ရပ်ကွက်ကနေမြို့နယ်ကူးမယ်။ ဒါကြောင့်နောင်တရတာတွေမဖြစ်အောင်အားလုံးသတင်းပို့စေချင်ပါတယ်။ ဆက်သွယ်တဲ့အခါမှာ လူမရှိတာတို့၊အတွေ့မခံတာတို့ ပူးပေါင်းဆောင်ရွက်မှုအားနည်းတဲ့လူတယောက်ကို ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ။ ခုတရားဥပဒေအရ အရေးယူမယ်ဆိုတာ နောက်မှထွက်လာတာပါ။ တံခါးပိတ်ထားတဲ့ အတွေ့မခံတဲ့လူတစ်ယောက်ကို အိမ်အပြင်ဆွဲထုတ်ဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး။" လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ် ။
အရေးယူမှုတွေ စတင်လုပ်ဆောင်ရာမှာ ရခိုင်ပြည်နယ်ကပြန်လာပြီး မဆက်သွယ်တဲ့ လူတွေ ပါဝင်နေသလို၊ ရခိုင်ပြည်နယ်ကနေပြန်လာသူမှန်းသိနေရက်နဲ့ တာဝန်ရှိအဖွဲ့အစည်းကို ဆက်သွယ် အကြောင်းကြားခြင်းမရှိဘဲ ဖုံးကွယ်ထားသူတွေကိုပါ စိစစ်ပြီးအရေးယူမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် စက်တင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး သတင်းပေးပို့ဆက်သွယ်ဖို့ ကိုဗစ်-၁၉ အမျိုးသားအဆင့်ကော်မတီက အသိပေးထုတ်ပြန်လိုက်ပါတယ်။
သြဂုတ်လ ၁၀ ရက်နေ့မှစတင်ပြီး ရခိုင်ပြည်နယ်ကနေ နေပြည်တော် ၊ ရန်ကုန်တိုင်းနဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသူတွေအပြင် နေပြည်တော်၊ရန်ကုန်တိုင်းနဲ့ အခြားတိုင်းနဲ့ပြည်နယ်တွေကနေ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး နေရပ်ကို ပြန်လည်ရောက်ရှိလာတဲ့လူတွေအားလုံး မိမိတို့သက်ဆိုင်ရာ ကျန်းမာရေးဌာန၊ အဖွဲ့အစည်း၊ နီးစပ်ရာကျန်းမာရေးဌာနတွေကို သတင်းပေးပို့ဖို့သြဂုတ်လ ၂၆ ရက်နေ့ကတည်းက အသိပေးထုတ်ပြန်ထားတာပါ။
လက်ရှိမှာ ရခိုင်ပြည်နယ်ကို ခရီးသွားရာဇဝင်ရှိခဲ့သူတွေက ရန်ကုန်တိုင်းက အများဆုံးဖြစ်နေပြီး ရခိုင်ပြည်နယ်ကနေရန်ကုန်ကို လေယာဉ်နဲ့ လာရောက်ခဲ့သူ ၅၄၀၉ ဦးရှိခဲ့ရာ အဲ့ဒီထဲက လူ ၂၆၂၂ ဦးကိုသာ ဖုန်းအဆက်အသွယ်ရရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
အဲဒီလို အဆက်အသွယ်ရရှိတဲ့လူ ၂၀၀၀ ကျော်ထဲကမှ ၁၅၇၄ ဦးကသာ သက်ဆိုင်ရာတာဝန်ရှိ တဲ့ဌာန၊အဖွဲ့အစည်းနဲ့နီးစပ်ရာ ကျန်းမာရေးဌာနကို သတင်းပေးပို့ခဲ့ပြီး ကျန်တဲ့သူတွေကတော့ အခုထိ အဆက်သွယ်မရသလို သတင်းပေးပို့တာမရှိဘူးလို့သိရပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။