မူဆယ်မြို့နယ်က လာတဲ့ အိုက်ထွန်းလူနဲ့ သူငယ်ချင်း (၃) ဦးဆီကနေ ဆိုင်ကယ်တက္ကစီသမားအုပ်စုက ငွေမပေးရင် အပြင်းအထန် နာကျင်စေမယ်လို့ ခြိမ်းခြောက်ပြောဆိုကာ ငွေ ၆ သိန်းကျော်နဲ့ တရုတ်ယွမ်ငွေ ၁၂၀၀ တို့ကို အတင်းလုယက်သွားခဲ့တယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ၁ ရက် မနက် ၅ နာရီခွဲအချိန်လောက်က အိုက်ထွန်းလူက သူငယ်ချင်းဖြစ်သူဆန်ဖောင်း၊မားမတို့နဲ့ အတူ မူဆယ်ကနေ ရန်ကုန်သွားဖို့ မန္တလေး ပြည်ကြီးမျက်ရှင်ကားဝင်းကို အရောက် ဆိုင်ကယ်တက္ကစီ (၂) စီးဌားရမ်းခဲ့ရာ တက္ကစီသမားတွေက ရန်ကုန်သွားဖို့ ကားလက်မှတ်ဖြတ်မှာလားဟု မေးမြန်းတာကြောင့် အိုက်ထွန်းလူမှ ဖြတ်မယ်လို့ ပြောခဲ့ပါတယ်။
ဆိုင်ကယ်တက္ကစီမောင်းသူတွေက ချမ်းအေးသာစံမြို့နယ်၊ ၇၇ လမ်း ၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြားက ခွေးဘီလူးယာဉ်တစ်စီးပေါ်ကို တင်ပေးခဲ့ပြီး ၃ ဦးစာအတွက် ကားခ ၁၀၈၀၀၀ ကျပ်တောင်းခံခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ခွေးဘီလူးယာဉ်ပေါ်ပါလာသူတွေက အိုက်ထွန်းလူတို့ (၃) ဦးကို အပြင်းအထန်နာကျင်စေမယ်လို့ ခြိမ်းခြောက်ပြောဆိုကာ ငွေ ၆ သိန်း ၃ သောင်းနဲ့ တရုတ်ယွမ်ငွေ (၁၂၀၀) တို့ကို အတင်းဆွဲယူသွားခဲ့တာလို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ က လိုက်လံစုံစမ်းရာမှာ ဆိုင်ကယ်တက္ကစီသမား ဗိုလ်ခင် (ခ) မျိုးမျိုး၊ ဝင်းအောင် (ခ) နွားကြီး၊ မြင့်လွင် (ခ) အောင်ပင်လယ် နဲ့ ခြိမ်းခြောက်ငွေတောင်းယူသူ ကျော်မင်းဦးပါ (၄) ဦး စုစုပေါင်း (၇) ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
လက်ရှိတော့ ကျုးလွန်သူ (၇) ဦးကို မဟာအောင်မြေမြို့မရဲစခန်းကနေ ငွေခြောက်လှန့်တောင်းယူမှုပုဒ်မ၊ အားပေးကူညီမှု ပုဒ်မတို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။