ထိပ်ဆုံး (၅)ဦးစာရင်းမှာ ပြည်ပကစားသမားအဖြစ် အောင်သူတစ်ဦးတည်းသာ ဝင်နေခဲ့တာလည်း ဖြစ်ပါတယ်။
ထိုင်းပရီးမီးယားလိဂ်ရဲ့ ကစားသမားတွေထဲကမှ အသက် (၂၃)နှစ်အောက် ကစားသမားတွေကို ရွေးချယ်ပြီး ဈေးကွက်တန်ဖိုးအမြင့်ဆုံး ကစားသမား (၅)ဦးကို ရွေးချယ်သတ်မှတ်ခဲ့ရာမှာ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူက တန်ကြေးအမြင့်ဆုံးကစားသမားအဖြစ် ရပ်တည်နေတယ်လို့ Fox Sports Asia က ရေးသားဖော်ပြခဲ့ပါတယ်။
ကစားသမားတစ်ဦးချင်းစီရဲ့ ခြေစွမ်း နဲ့ စွမ်းဆောင်မှုပိုင်းအပေါ် မူတည်ပြီးတော့ ဈေးကွက်တန်ဖိုး သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။ အောင်သူက တန်ကြေးအဖြစ် ယူရိုငွေ (၃၅၀၀၀၀)တန်ကြေးရှိပြီး ထိုင်းနာမည်ကျော် လူငယ်ကစားသမားတွေထက် ပိုမိုမြင့်မားတဲ့ တန်ကြေးတစ်ခုကို သတ်မှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
မြောင်တောင်ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပေမယ့်လည်း အောင်သူရဲ့ တန်ဖိုးကို အများဆုံးအဖြစ် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။ Transfermarkt.com မှာ ဖော်ပြထားတဲ့ ဈေးကွက်တန်ဖိုးကို အခြေခံပြီး အသက် (၂၃)နှစ်အောက် ကစားသမားတွေထဲမှာမှ တန်ကြေးအမြင့်ဆုံးကစားသမားအဖြစ် အောင်သူက ရှိနေခဲ့တာဖြစ်ပါတယ်။
မြောင်တောင်ယူနိုက်တက်အသင်းကတော့ ထိုင်းလိဂ်မှာ (၇)ပွဲကစားအပြီး (၂)ပွဲသာ အနိုင်ရရှိထားကာ (၅)ပွဲအရေးနိမ့်ထားပြီး အဆင့် (၁၅)မှာ ရပ်တည်နေရတဲ့ အသင်းလည်းဖြစ်ပါတယ်။ စုစုပေါင်း အသင်း (၁၆)သင်း ပါဝင်ယှဉ်ပြိုင်နေတဲ့ လိဂ်မှာ အဆင့် (၁၅)မှာ ရပ်တည်နေတာ မို့လို့ အခြေအနေဆိုးရွားနေပြီး အောင်သူကတော့ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရသလို သွင်းဂိုးလည်း တစ်ဂိုးမှ မရရှိသေးဘူးလို့ သိရပါတယ်။
ထိပ်ဆုံး (၅)ဦးစာရင်းမှာ ပါဝင်နေတဲ့ အခြားကစားသမား (၄)ဦးကတော့ Port FC အသင်းက ဆွီဒင်နွယ်ဖွားကစားသမား ကီဗင်ဒီရွမ်ရမ်၊ ချောင်ဘူရီအသင်းက ဝိုရာချစ်၊ ဘူရီယမ်အသင်းက ထိုင်းလက်ရွေးစင်တိုက်စစ်မှူး ဆက်ပါချိုင်၊ ဘူရီယမ်အသင်းကပဲ ဆက်ပါချော့တို့က တန်ကြေး ယူရို (၂၅၀၀၀၀) စီနဲ့ ပူးတွဲရပ်တည်နေခဲ့ကြပါတယ်။ အဆိုပါ ကစားသမား (၄)ဦးလုံးဟာ ထိုင်းလူငယ်အသင်းနဲ့ လက်ရွေးစင်အသင်းတွေကဖြစ်ပြီး ပြည်ပကစားသမားအဖြစ် အောင်သူတစ်ဦးတည်းသာ ထိပ်ဆုံး (၅)ဦးစာရင်းမှာ ပါဝင်နေခဲ့တာလည်း ဖြစ်ပါတယ်။