မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြဘဝမှာ ပန်းခင်းလမ်းတွေကို လျှောက်နေခဲ့ရတဲ့ ဆိုးလ်ရှားအတွက်တော့ ဆူးခင်းလမ်းတွေပေါ်ကို စနင်းနေရတဲ့ အချိန်က ရောက်လို့လာခဲ့ပါပြီ။
စုစုပေါင်း (၁၄)ပွဲ ကိုင်တွယ်ထားပြီးချိန်မှာ (၁၁)ပွဲအထိ အနိုင်ရထားပြီး (၂)ပွဲသရေကျထားပြီး (၁)ပွဲသာ ရှုံးနိမ့်ထားတဲ့ အခြေအနေမှာ ဆိုးလ်ရှားအတွက် အိုးထရက်ဖို့ဒ်က အမြဲတမ်းနည်းပြရာထူးက လှမ်းလာခဲ့ပါလို့ လက်ယပ်ခေါ်နေခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ ပွဲကလည်း ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်ဖြစ်လို့ ပြည်တွင်းပွဲတွေမှာ ဆိုးလ်ရှားက ရှုံးပွဲမရှိအလံကို စိုက်ထူထားနိုင်ဆဲ ဖြစ်နေတာပါ။
ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ သူ့အတွက် ခေါင်းကိုက်စရာပြသနာတွေက ရှိလာခဲ့ပါတယ်။ ဟုတ်ပါတယ်။ အဲဒါကတော့ အသင်းမှာ ဒဏ်ရာပြသနာ အကြီးအကျယ်ဖြစ်ပွားနေမှုပါ။ စီနီယာအသင်းသား (၁၀)ယောက်အထိ ဒဏ်ရာရရှိနေလို့ ဒီနေ့ညမှာ ကစားရမယ့် ပဲလေ့နဲ့ ပွဲအတွက် လူစာရင်းရွေးချယ်ဖို့ သူ့ကိုယ်သူ ကစားသမားတစ်ယောက်နေရာမှာတောင် ထည့်သွင်းစဉ်းစားရတော့မလို ဖြစ်နေခဲ့ပါတယ်။
ဗလန်စီယာ၊ ဒါမီယန်၊ လင်ဂတ်၊ မာရှယ်၊ မာတာ၊ ဟာရဲရား၊ မာတစ်၊ ရက်ရှ်ဖို့ဒ်၊ ဖီးလ်ဂျုံးစ် နဲ့ ရိုဟိုတို့ ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေရလို့ အသင်းကြီးအတွက် ဘယ်ကစားသမားကို ထည့်သွင်းရမလဲဆိုတာ ဆိုးလ်ရှားအတွက် ခက်ခဲတဲ့ ပြသနာတစ်ရပ် ဖြစ်နေပါတယ်။ ယာယီနည်းပြတစ်ယောက်၊ နည်းပြအတွေ့အကြုံနုနယ်သေးတဲ့ လူတစ်ယောက်အတွက် ဒီပြသနာက တကယ့်ကို ခေါင်းခဲစရာတော့ ဖြစ်နေမှာ အမှန်ပါပဲ။
ဆိုးလ်ရှားကိုယ်တိုင်လည်း အသင်းရဲ့ ဒဏ်ရာပြသနာတွေအပေါ်မှာ စိတ်ပျက်နေဟန်ရှိပြီး လူငယ်ကစားသမားတွေ၊ အရန်ကစားသမားတွေကို အားကိုးရမယ့် အခြေအနေဖြစ်နေပါတယ်။ ဒါက ဆိုးလ်ရှားရဲ့ စွမ်းရည်ကို စမ်းသပ်မှုတစ်ခုဆိုရင်တောင်မှ တော်တော်လေးကို ပြင်းထန်တဲ့ တိုက်ခိုက်မှုတစ်ခုကို ရင်ဆိုင်ရသလို ဖြစ်နေတာပါ။ ပွဲတွေ ဆက်တိုက်ကစားနေရပြီး အသင်းအတွက် ခြေစွမ်းပြနေတဲ့ ကစားသမားတွေကို ဆုံးရှုံးရမယ့် အနေအထားကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာထက် ဘယ်လိုရင်ဆိုင်သွားမှာလဲဆိုတာက ပိုပြီးစိတ်ဝင်စားဖို့ကောင်းနေပါတယ်။
ဂရင်းဝုဒ်၊ တာဟစ်ချောင်၊ အိန်ဂျယ်ဂိုမက်စ်တို့လို လူငယ်ကစားသမားတွေရှိနေပေမယ့် လတ်တလောပဲ ဖြေရှင်းနိုင်မှာပါ။ တိုက်စစ်ပိုင်းမှာပဲ ရွေးချယ်စရာက ဆန်းချက်ဇ် နဲ့ လူကာကူတို့ပဲ ရှိနေပြီး ဒီကစားသမားနှစ်ယောက်က ခြေစွမ်းပြနိုင်ဖို့တောင် အနိုင်နိုင်ရုန်းကန်နေရပါတယ်။
ကွင်းလယ်မှာလည်း တော်မီနေး၊ ပါရဲရား နဲ့ ဖရက်ဒ်တို့ရှိနေပေမယ့် Rhythm မှန်နေတဲ့ ပေါ့ဂ်ဘာ၊ မာတစ်၊ ဟာရဲရားတို့ အတွဲအဖက်ကိုတော့ မှီမှာမဟုတ်တာ ကျိန်းသေပါတယ်။ ရင်ဆိုင်ရမယ့် ပြိုင်ဘက်က ပဲလေ့ပါ။ နောက်ပိုင်းပွဲစဉ်တွေမှာ တောက်လျှောက်ခြေစွမ်းပြနေတဲ့ အသင်းဖြစ်ပြီး အဝေးကွင်းမှာ ကစားရမှာကြောင့်လည်း ပေါလ်မာဆွန်ကတောင် ဒီပွဲမှာ ဆိုးလ်ရှားကို ပထမဆုံးပြည်တွင်းရှုံးပွဲနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အမှတ်လိုအပ်နေချိန်၊ အဆုံးအဖြတ်ပွဲတွေကို ကစားရတော့မယ့် အချိန်မှာမှ ဆိုးလ်ရှားအတွက် အခက်တွေ့နေရပါတယ်။ စနေနေ့မှာ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲ ကစားရဦးမှာ ဖြစ်ပြီး အဲဒီနောက်မှာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲ အဝေးကွင်းပွဲကို
ကစားရဖို့ ရှိနေပါတယ်။
ပြီးရင် အာဆင်နယ်၊ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲအဖြစ် ဝုလ်ဗ်တို့နဲ့ ဆက်တိုက်ကစားရဦးမှာမို့ ဆိုးလ်ရှားဖြေရှင်းရမယ့် ပြသနာက အကျပ်အတည်းကြားထဲမှာ မလူးသာမလွန့်သာဖြစ်နေခဲ့ပါပြီ။ လက်ရှိအချိန်ထိတော့ ဆိုးလ်ရှားက အပြုံးမပျက်သေးပါဘူ။ ဒါပေမယ့် လီဗာပူးလ်နဲ့ပွဲမှာ သူ့ကစားသမားတွေ ဒဏ်ရာတွေရနေခဲ့ပြီးနောက် ဆိုးလ်ရှားရဲ့ အမူအယာကို ကြည့်မယ်ဆိုရင် သူ့ရင်ထဲမှာ ဗလောင်ဆူနေပြိဆိုတာက ထင်ရှားပါတယ်။
ဒဏ်ရာရနေတဲ့ အဓိကကစားသမားတွေကလည်း ဆိုးလ်ရှားလက်ထက်မှာ ပွဲတိုင်းလိုလို ဝင်ကစားပေးနေရတဲ့ ကစားသမားတွေပါ။ ပွဲပန်းမှုဒဏ်၊ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲတွေရဲ့ အကျိုးသက်ရောက်မှုကို ခံစားနေရတာလည်း ဖြစ်ပါတယ်။ အသင်းလူစာရင်းကို အလှည့်ကျစနစ်မျိုး မဟုတ်ပဲ တသမတ်တည်းနီးပါးသုံးစွဲနေခဲ့တဲ့ ဒဏ်ကို ဆိုးလ်ရှားပြန်ခံနေရတာလည်း ဖြစ်ပါတယ်။
မာရှယ်၊ လင်ဂတ်၊ ဟာရဲရား၊ မာတစ်တို့က ဆိုးလ်ရှားလက်ထက်မှာ ပွဲအများဆုံးကစားပေးထားတဲ့ ကစားသမားစာရင်းထဲမှာ ပါဝင်နေသူတွေပါ။ ရက်ရှ်ဖို့ဒ်ဆိုရင် အနားမရသလောက် ဖြစ်နေပြီး လီဗာပူးလ်နဲ့ပွဲမှာဆိုရင် ဒဏ်ရာကြီးနဲ့တောင် အသင်းအတွက် ပွဲချိန်ပြည့်ကစားပေးခဲ့ရပါတယ်။
ဒီအခြေအနေတွေက ဇာတာတက်နေတဲ့ ဆိုးလ်ရှားအတွက်၊ အမြင့်ပျံနေခဲ့တဲ့ ဆိုးလ်ရှားအတွက် စန်းလဂ်ကုန်ဆုံးတော့မယ့် အရိပ်အယောင်တွေလားဆိုတာ သံသယဖြစ်စရာကောင်းနေပါတယ်။ မော်ရင်ဟိုလက်ထက်မှာ ပြိုလဲနေခဲ့တဲ့ ယူနိုက်တက်ကိုတော့ ဆိုးလ်ရှားက ပြန်လည်ထူထောင်ပြီး တည့်မတ်ပေးနိုင်ခဲ့ပါတယ်။ သူ့လက်ထက်မှာ ဖြစ်ပေါ်လာခဲ့တဲ့ ဒဏ်ရာအနာတရဖိစီးမှုဒဏ်တွေကိုရော ဆိုးလ်ရှားအကောင်းဆုံး ကုစားပေးနိုင်ဦးမှာလားဆိုတာကတော့....။
Share