မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြခန့်ဖို့အတွက် နော်ဝေကလပ်အသင်း မိုလ်ဒီကို လျော်ကြေးအဖြစ် ပေါင်စတာလင် ခြောက်သန်းပေးဖို့အတွက် သဘောတူခဲ့ပြီလို့ The Sun ကဖော်ပြထားပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိအသင်းကို ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေတဲ့ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြခန့်ဖို့အတွက်စီစဉ်နေပြီဖြစ်ပါတယ်။ အတည်မပြုနိုင်သေးတဲ့သတင်းတွေအရတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကလပ်အသင်းပွဲစဉ်တွေခေတ္တရပ်နားထားမယ့် ဖီဖာနိုင်ငံတကာခြေစမ်းပွဲကာလမှာ ဆိုးလ်ရှားကို အပြီးသတ်စာချုပ်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားရဲ့ကလပ်အသင်း မိုလ်ဒီကိုလည်း လျော်ကြေးတစ်ရပ်ပေးဆောင်ဖို့သဘောတူထားတယ်လို့ The Sun ကဖော်ပြထားပါတယ်။
ဆိုးလ်ရှားဟာ တာဝန်ယူကိုင်တွယ်နေတဲ့ နော်ဝေကလပ် မိုလ်ဒီအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ အသင်းနှစ်သင်းညှိုနှိုင်းသဘောတူညီမှုအရ ၂၀၁၈၊ဒီဇင်ဘာမှာ မန်ချက်စတာယူနိုက်တက်အသင်း ယာယီနည်းပြအဖြစ်တာဝန်ယူခဲ့တာပါ။ ဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက်အသင်းကို စတင်တာဝန်ယူပြီးချိန်ကစပြီး အသင်းရလဒ်တွေပြောင်းလဲသွားအောင်စွမ်းဆောင်ပေးနိုင်ခဲ့သလို ၁၇ပွဲကိုင်တွယ်ထားရာမှာ ၁၄ပွဲနိုင်၊ ၂ပွဲသရေ၊ ၁ပွဲရှုံးရလဒ်ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို ဒီနှစ်ဘောလုံးရာသီမကုန်ခင်မှာပဲ အမြဲတမ်းနည်းပြရာထူးအတွက် ကြေညာဖို့ရှိတယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။
The Sun ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားအတွက် နော်ဝေကလပ် မိုလ်ဒီကို လျော်ကြေးပေါင်ခြောက်သန်းပေးဖို့သဘောတူထားတယ်လို့သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက မူလက အမြဲတမ်းနည်းပြရာထူးအတွက် စပါးနည်းပြ ပိုချက်တီနိုကို ပစ်မှတ်ထားခဲ့ပေမယ့် လျော်ကြေးပေါင်သန်း ၄၀ကြောင့် နောက်ဆုတ်ခဲ့ရတာပါ။ မန်ယူအနေနဲ့ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြခန့်ပြီးရင် လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကစားသမားအချို့ကိုရောင်းထုတ်ဖို့လည်း ရှိနေပါတယ်။