မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့မှာ ယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှားကို အမြဲတမ်းနည်းပြသစ်အဖြစ် ၃ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီဖြစ်ပါတယ်။
ဆိုးလ်ရှားဟာ နည်းပြမော်ရင်ဟိုထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းမှာ အထင်ကြီးလေးစားဖွယ်ရလဒ်တွေကို ရယူပေးနိုင်ခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နောက်ဆုံးမှာတော့ ဖာဂူဆန်ခေတ်လွန်ပြဿနာကို ဖြေရှင်းနိုုင်ခဲ့ပြီဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားရဲ့လက်အောက်မှာ ပိုမိုကောင်းမွန်တဲ့ ကစားပုံပြသနိုင်ခဲ့ပေမယ့် နေရာအများအပြားမှာ တိုးတက်အောင်ပြုလုပ်ဖို့အတွက် အသင်းရဲ့လူစာရင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ကျန်ရှိနေပါသေးတယ်။
ယခုလာမယ့်နွေရာသီဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အလုပ်များမယ့်အချိန်ဖြစ်လာမှာဖြစ်ပြီး အမြဲတမ်းနည်းပြသစ်ဆိုးလ်ရှားကို နည်းပြအဖြစ် တရားဝင်ခန့်အပ်ပြီးနောက် အသင်းကနေ ထွက်ခွာရဖွယ်ရှိနေတဲ့ကစားသမား ၅ ဦးလည်း ရှိနေပါတယ်။
အန်တိုနီယိုဗလင်စီယာ
မန်ချက်စတာယူနိုက်တက်အသင်းအတွက် လက်ရှိလူစာရင်းမှာ ကာလအရှည်ဆုံးကစားပေးထားတဲ့ကစားသမားဖြစ်ပြီး စည်းကမ်းလိုက်နာမှု၊ လျင်မြန်မှုနဲ့ စွမ်းအင်ပြည့်ဝမှုကြောင့် နည်းပြမော်ရင်ဟိုလက်ထက်မှာ ညာနောက်ခံနေရာကနေ အမြဲတမ်းပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားရောက်ရှိလာတဲ့အချိန်ကစပြီး ဗလင်စီယာဟာ ဒဏ်ရာပြဿနာနဲ့ ကြံ့ခိုင်မှုပြဿနာတွေကြောင့် ပရီးမီးယားလိဂ်မှာ ၅ ပွဲသာ ပွဲထွက်ပါဝင်ကစားပေးထားသူဖြစ်ပါတယ်။ ဗလင်စီယာက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သစ် ထပ်မံချုပ်ဆိုရခြင်းမရှိသေးသူဖြစ်ပြီး မန်ယူအသင်းကလည်း ယခုရာသီကုန်မှာ ထွက်ခွာခွင့်ပြုသွားမှာဖြစ်ပါတယ်။
၂။ အလက်ဆစ်ဆန်းချက်ဇ်
အလက်ဆစ်ဆန်းချက်ဇ်ကတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာပြီးကတည်းက ထိပ်တန်းအဆင့်ခြေစွမ်း ပြသနိုင်ခြင်းမရှိသူဖြစ်ပါတယ်။ တစ်ပတ်လုပ်ခလစာ ပေါင် ၅ သိန်းနီးပါးရရှိနေတဲ့ ဆန်းချက်ဇ်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံး ကစားသမားခေါ်ယူမှုဖြစ်ခဲ့တယ်ဆိုတာ အငြင်းပွားစရာမလိုပါဘူး။ ဆိုးလ်ရှား ရောက်ရှိလာမှုက ဆန်းချက်ဇ်ကို ပုံမှန်ခြေစွမ်းပြန်လည်ရရှိလာစေလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ဆိုးလ်ရှားကိုယ်တိုင် ဆန်းချက်ဇ်ကို လက်မြှောက်ထားကြောင်း အရိပ်အမြွက် ပြောကြားခဲ့ဖူးပါတယ်။
၃။ ဖီးလ်ဂျုံးစ်
မန်ချက်စတာယူနိုက်တက်ဗဟိုခံစစ်ကစားသမား ဖီးလ်ဂျုံးစ်ဟာ ဒဏ်ရာပြဿနာနဲ့ မကြာခဏရင်ဆိုင်နေရသူဖြစ်ပြီး အသင်းရဲ့ပုံမှန်ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်ဖို့ ခက်ခဲစွာ ရုန်းကန်နေရသူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့တာကြောင့် အလှည့်ကျရွေးချယ်မှုအတွက် အသုံးပြုခံရဖွယ်ရှိတယ်လို့လည်း သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ ဒါပေမယ့်ဖီးလ်ဂျုံးစ်အနေနဲ့ လင်ဒီလော့ဖ်၊ စမောလင်းနဲ့ ဘိုင်လီတိို့ကို ကျော်ဖြတ်ပြီး ပွဲထွက်ခွင့်ရဖွယ်မရှိဘဲ မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ကူလီဘလီသာ ရောက်ရှိလာခဲ့မယ်ဆိုရင် ပိုလို့တောင် မျှော်လင့်နိုင်စရာမရှိတော့မှာဖြစ်ပါတယ်။
၄။ မားကို့စ်ရိုဟို
မန်ချက်စတာယူနိုက်တက်အသင်းက ရိုဟိုကို ၂၀၂၁ ခုနှစ်အထိ တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့ စာချုပ်သစ်ကို ချုပ်ဆိုခဲ့တဲ့အချိန်မှာ ပရိသတ်တွေအားလုံး တုန်လှုပ်သွားခဲ့ကြပါတယ်။ မားကို့စ်ရိုဟိုဟာ အသင်းကိုစတင်ရောက်ရှိလာချိန်ကတည်းက ပုံမှန်ပွဲထွက်ကစားသမားအဖြစ် ကစားဖို့ အရည်အသွေးရှိကြောင်း ပြသနိုင်ခဲ့ခြင်းမရှိသူဖြစ်ပါတယ်။ မားကို့စ်ရိုဟို အသင်းမှာ ကာလရှည်ဆက်ရှိနေနိုင်တာဟာ ဗဟိုခံစစ်ရော၊ ဘယ်တောင်ပံမှာပါ ကစားနိုင်တဲ့အတွက်ဖြစ်တယ်လို့ ယူဆရပြီး ပြီးခဲ့တဲ့ရာသီအစကနေ ယနေ့အချိန်အထိ ၁၁ ပွဲသာ ပါဝင်ကစားထားရသူဖြစ်ပါတယ်။
၅။ နီမန်ဂျာမာတစ်
နီမန်ဂျာမာတစ်ဟာ ယခုရာသီမှာ အသင်းအတွက် ပုံမှန်ပွဲထွက်ကစားပေးနေသူဖြစ်ပြီး စွမ်းဆောင်ရည်ကောင်း ပြသထားနိုင်သူဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပထမအကျော့မှာ လျင်မြန်စွာနဲ့ အထောက်အပ့ံ့ပေးနိုင်ခဲ့ပြီး ဒုတိယအကျော့ကိုတော့ လွဲချော်ခဲ့သူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ မာတစ်ရဲ့နေရာမှာ ဖရက်ဒ်ကို ထည့်သွင်းအသုံးပြုခဲ့ပြီး ဖရက်ဒ်ဆီကနေ တိကျတဲ့ဘောလုံးဖြန့်ဝေမှုမျိုးမရခဲ့ပေမယ့် ကွင်းလယ်မှာအင်ပြည့်အားပြည့် လိုက်ပါကစားတတ်တဲ့ဖရက်ဒ်ကြောင့် ပီအက်စ်ဂျီကွင်းလယ် ကစားကွက်တည်ရခက်ခဲခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့မာတစ်ဟာ ၎င်းရဲ့အကောင်းဆုံးအချိန်ကို ကျော်လွန်ခဲ့ပြီလို့ ယူဆရပေမယ့် ၎င်းရဲ့တန်ဖိုးအချို့ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်တာကြောင့် ထုတ်ရောင်းနိုင်သေးတဲ့အချိန်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။