တနင်္ဂနွေနေ့မှာ ကစားရမယ့်ပွဲမတိုင်ခင် ချီးကျူးခဲ့တာပါ။

တနင်္ဂနွေနေ့မှာ ကစားရမယ့် ယူနိုက်တက်နဲ့ပွဲမတိုင်ခင်မှာ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က ပြိုင်ဘက်အသင်းနည်းပြ ဆိုးလ်ရှားအပေါ် ချီးကျူးစကားပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်ဆုဖလားကို ရယူနိုင်ဖို့အတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲကို အိုးထရက်ဖို့ဒ်မှာ သွားရောက်ကစားရမှာ ဖြစ်ပြီး နှစ်သင်းစလုံးအတွက်တော့ ခက်ခဲတဲ့ ပွဲစဉ်တစ်ခု ဖြစ်လာမှာလည်း ဖြစ်ပါတယ်။

လီဗာပူးလ်က အမှတ်ပေးဇယားထိပ်ပိုုင်းမှာ ရပ်တည်နေတာဖြစ်ပြီး ဆုဖလားအတွက် ကြိုးစားနေသလို ယူနိုက်တက်လည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေရတဲ့အချိန်ဖြစ်တာကြောင့် အကြိတ်အနယ်ရှိလာမယ့် ပွဲစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ကို သူ့လက်ထက်မှာ လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဆိုးလ်ရှားက စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ကလော့ပ်က ချီးကျူးစကားပြောဆိုလိုက်တာ ဖြစ်ပါတယ်။



ဒီဇင်ဘာလအတွင်းမှာ ယူနိုက်တက်က မော်ရင်ဟိုကို ထုတ်ပယ်ခဲ့ပြီး ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ကိုင်တွယ်စေခဲ့ပါတယ်။ ဆိုးလ်ရှားက သူ့ရဲ့ပထမဆုံး (၁၁)ပွဲမှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး (၁၂)ပွဲမြောက်မှာတော့ ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ်မှာ အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် အက်ဖ်အေဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးကို အနိုင်ယူခဲ့ပြီး ယူနိုက်တက်ကို ကွာတားဖိုင်နယ်ရောက်အောင် ဆိုးလ်ရှားက စွမ်းဆောင်ပေးထားခဲ့ပါပြီ။

"ဆိုးလ်ရှားက ထူးခြားပြောင်မြောက်တဲ့ အလုပ်တွေကို လုပ်ပြနေခဲ့သူပါ၊ သူက အသင်းအတွက် အကောင်းမွန်ဆုံးအရာတွေကို ယူဆောင်လာခဲ့ပြီး အသင်းကိုလည်း အရည်အသွေးမြင့်လာအောင် စွမ်းဆောင်ပေးခဲ့သူပါ၊ ထိပ်တန်းအသင်းတစ်သင်းရဲ့ နည်းပြတစ်ယောက်အနေနဲ့ သူက အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ဒါက ကျွန်တော့်အတွက်တော့ အံ့အားသင့်စရာမဟုတ်ပါဘူး"

"သူ့ကို ကျွန်တော် ကောင်းကောင်းမသိပါဘူး၊ သူနဲ့ ပြီးခဲ့တဲ့နှစ်က တစ်ကြိမ်တွေ့ဆုံခဲ့ဖူးပြီး စကားအနည်းငယ်ပြောခဲ့ဖူးကြပါတယ်၊ သူ့ကို ကစားသမားတစ်ယောက်အနေနဲ့ပဲ ကျွန်တော် ပိုပြီးသိခဲ့တာပါ၊ ဒါပေမယ့် အခု သူ လုပ်ပြနေခဲ့တာတွေက တကယ့်ကို လက်ဖျားခါစရာကောင်းလောက်အောင် ကောင်းမွန်တယ်ဆိုတာတော့ ကျွန်တော် သိပါတယ်" လို့ ယာဂင်ကလော့ပ်က ပြောကြားခဲ့ကြောင်း 90 min က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်း နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုတော့ တနင်္ဂနွေနေ့ ည (၈း၃၅)နာရီမှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ ဆိုးလ်ရှားကတော့ ပြည်တွင်းပွဲတွေမှာ ရှုံးပွဲလုံးဝမရှိသေးပဲ သူ ရင်ဆိုင်ခဲ့ပြီးတဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်း (၆)သင်းစာရင်းဝင် အသင်းတွေဖြစ်တဲ့ အာဆင်နယ်၊ ချယ်လ်ဆီး၊ စပါးတို့ကို အနိုင်ယူပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးလ်နဲ့ ကစားရမယ့်ပွဲမှာလည်း ဆိုးလ်ရှားက ဘယ်လိုရလဒ်ထွက်ပေါ်အောင် ကစားသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က