နိုင်ငံတကာပွဲ နားရက်က ပြန်လည်ပြင်ဆင်ဖို့ အချိန်ကောင်းလို့ ဆိုးလ်ရှားကပြောထားပါတယ်။

၁၉ ပွဲမှာ ၃ ပွဲရှုံးပေမယ့် ပထမဆုံး ၂ ပွဲဆက်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရသလို ဝုလ်ကို ရှုံးပြီး ကွာတားက ထွက်ခဲ့ရတဲ့ အပေါ်မှာ အသင်းခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းကို အသင်းပရိသတ်တွေက မေးခွန်းထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

မော်ရင်ဟိုကို ထုတ်ပယ်ပြီးနောက် ဆိုးလ်ရှားကို ယာယီ နည်းပြအဖြစ် အစားထိုး ခန့်အပ်လိုက်ချိန်ကစပြီး မန်ယူ ပရိသတ်တွေအနေနဲ့ ဆိုးလ်ရှားနဲ့အတူ မန်ယူအသင်းကို အားတက်သရော အားပေးခဲ့ကြပါတယ်။

ဆိုးရှားလက်ထက် ပြိုင်ပွဲစုံ ၁၁ ပွဲဆက် ရှုံးပွဲလုံးဝမရှိခဲ့တာကြောင့်လည်း ယာယီ နည်းပြ ဆိုးလ်ရှားကို ပရိသတ်တွေက အမြဲတမ်း နည်းပြအဖြစ် ခန့်ထားသင့်တယ်လို့ သတင်းတွေကနေတစ်ဆင့် ပြောခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။ လက်ရှိ ၁၉ ပွဲ ကိုင်တွယ်ပြီးချိန်မှာတော့ မန်ယူအသင်းအနေနဲ့ နည်းပြ ဆိုးလ်ရှားလက်ထက် ၃ ပွဲမြောက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီ ဖြစ်သလို ဆိုးလ်ရှားအနေနဲ့လည်း ပထမဆုံး ၂ ပွဲဆက် အရှုံးကို လက်ခံခဲ့ရပါပြီ။

ဒီမနက်ပိုုင်းမှာကစားခဲ့တဲ့ ဝုလ်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်အပြီး အက်ဖ်အေဖ လား ကွာတားအဆင့်က ထွက်ခဲ့ရတဲ့ မန်ယူအသင်းကိုတော့ အသင်းပရိသတ်တွေက တွစ်တာကနေတစ်ဆင့် စတင် ဝေဖန်ပြောဆိုနေပြီလို့ Daily Star သတင်းဌာနက ဖော်ပြလာပါတယ်။

“ဘယ်သူမှ မလိုချင်တဲ့စိတ်ပျက်စရာပွဲပါပဲ၊ ပိုပြီး ကောင်းမွန်တဲ့ ကစားဟန်နဲ့ ရှေ့ကို သွားဖို့လိုပါတယ်။” လို့ ပရိသတ် တစ်ဦးက တွစ်တာမှာ ရေးထားခဲ့ကြောင်း Daily Star က ဖော်ပြခဲ့ပါတယ်။

နောက်ထပ် ပရိသတ်တစ်ဦးကလည်း - “ မန်ယူရဲ့ ကစားဟန်က ကိုးရိုးကားရား နိုင်လှတယ်” လို့ ဝေဖန်ထားတယ်လို့ Daily Star က ဖော်ပြထားပါသေးတယ်။

မန်ယူအသင်းအနေနဲ့ အာဆင်နယ်ကို ပရီးမီးယားလိဂ်မှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့မှု၊ ချန်ပီယံလိဂ် မဲခွဲစဉ်မှာလည်း ဘာစီလိုနာနဲ့ တွေ့ဆုံနေမှုနဲ့ ဝုလ်နဲ့ကစားတဲ့ အက်ဖ်အေပွဲမှာလည်း ထပ်မံအရေးနိမ့်ခဲ့မှုတွေက မန်ယူအတွက် ကံမကောင်းတဲ့ ရက်သတ္တပတ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

“ နောက်ခံလူတွေ အားလုံး မောပန်းနေတယ်လို့ ထင်ပါတယ်။ ကြံံခိုင်မှုမရှိ၊စိတ်ဝင်စားမှု မရှိ ကစားခဲ့တယ်” လို့ တတိယ ပရိသတ်တစ်ဦးကလည်း ဝေဖန်ထားတာတွေ့ရတယ်လို့ Daily Star က ဆက်လက်ဖော်ပြပါတယ်။

နည်းပြ ဆိုးလ်ရှားကိုယ်တိုင်က အခုလို ၂ ပွဲဆက် အရှုံးက ကြီးမားတဲ့ ဆုတ်ယုတ်မှုလို့ ဝန်ခံထားပြီး လာမယ့် နိုင်ငံတကာပွဲစဉ်တွေကြောင့် နားရက်ရနေခြင်းက ပြန်လည် စတင်ဖို့ အခွင့်ကောင်းပဲလို့ ပြောထားပါတယ်။
ဒါပေမယ့်လည်း ဒေါသထွက်နေတဲ့ မန်ယူပရိသတ်တစ်ဦးကလည်း - “ ဘယ်မှာလဲ မင်းတို့ရဲ့ စိတ်အားထက်သန်မှု?ခံစားမှုအားလုံး လေးလံစေတယ်၊ လုပ်စမ်းပါ မန်ယူ….” လို့ မေးခွန်းထုတ်ပြီး ပြန်လည် အားပေးထားတာကိုလည်း Daily Star ကဖော်ပြလာပြန်ပါတယ်။

ဝုလ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ မန်ယူနည်းပြ ဆိုးလ်ရှားကို အမြဲတမ်း ရာထူးအတွက် ထိခိုက်နိုင်မလားဆိုတဲ့ မေးခွန်းကို BBC SPORTက မေးမြန်းခဲ့ရာမှာတော့ လာမယ့်နွေရာသီအထိ အသင်းမှာ လုပ်စရာတွေ ရှိသေးတယ်လို့ပဲ ဖြေကြားခဲ့တယ်လို့လည်း BBC SPORT သတင်းဌာနက ပြန်လည်ဖော်ပြထားပါတယ်။

မန်ယူအသင်းကတော့ နိုင်ငံတကာ ခြေစမ်းပွဲ ကာလအပြီးမှာ ပထမဆုံး ပွဲစဉ်အဖြစ် ဝက်ဖို့ဒ်အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး အဲ့နောက် ဝုလ်နဲ့ပဲ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ကစားပြီးရင် ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် အိမ်ကွင်းဧည့်ခံ ကစားရပါမယ်။

Share

Loading Next Article...
က္က