အသင်းနည်းပြဆိုးလ်ရှားနဲ့ ဘာပြသနာမှမရှိဘူးလို့ ယူနိုက်တက်ကွင်းလယ်ကစားသမားနီမန်ဂျာမာတစ်က ပြောဆိုလိုက်ပါတယ်။ မာတစ်ကတော့ ဒီရာသီမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ရခြင်းမရှိသေးသူဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကမှ အသင်းအတွက် လူစားဝင်ကစားပေးခဲ့ရတာလည်း ဖြစ်ပါတယ်။
ဆာဘီးယားကွင်းလယ်လူဟာ ပေါ့ဂ်ဘာ၊ တော်မီနေးတို့ရဲ့နောက်မှာသာ ပွဲထွက်ခွင့်ရရှိနေတာဖြစ်ပြီး သူ့အနာဂတ်နဲ့ ပတ်သက်လို့ ဆိုးလ်ရှားနဲ့ ဆွေးနွေးမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် ပေါ်တူဂီနဲ့ ကစားရမယ့် ပွဲမတိုင်ခင်မှာ မာတစ်က သူနဲ့ ဆိုးလ်ရှားတို့ကြားမှာ ဘယ်လိုပြသနာမှမရှိဘူးလို့ ဖြေရှင်းခဲ့တာဖြစ်ပါတယ်။
"အသင်းရဲ့ ပထမဆုံးနှစ်ပွဲ ဒါမှမဟုတ် သုံးပွဲမှာ ကျွန်တော်မပါဝင်ဘူးလို့ သူ ဆုံးဖြတ်ခဲ့ပါတယ်၊ အတတ်နိုင်ဆုံးတော့ ကျွန်တော်အလုပ်ကြိုးစားနေပါတယ်၊ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် ကျွန်တော်လေးစားမှုရှိပါတယ်၊ သူ့ရဲ့ဆုံးဖြတ်ချက်ကမှားယွင်းခဲ့တယ်ဆိုတာကို ပြသဖို့အတွက်က ကျွန်တော့်ရဲ့ တာဝန်ပါ"
"သူနဲ့ ကျွန်တော့်ကြားမှာ ဘာပြသနာမှမရှိပါဘူး၊ သူ့ဆုံးဖြတ်ချက်ကို သဘောမတူဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ်၊ ဒါပေမယ့် သူက အသင်းအတွက် ဆုံးဖြတ်ခဲ့တာပါ၊ ဘောလုံးလောကထဲမှာ ကျွန်တော်ရှိနေခဲ့တာ ကြာပါပြီ၊ အသင်းအားလုံးအတွက် ကျွန်တော်ကစားပေးခဲ့တာ ၁၀ နှစ်လောက်ရှိနေပါပြီ" လို့ မာတစ်က ပြောဆိုသွားခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။
မာတစ်ကတော့ ဆောက်သမ်တန်နဲ့ပွဲအပြီးမှာ ဆိုးလ်ရှားကို ဝေဖန်ပြစ်တင်ခဲ့တဲ့ ပရိသတ်တစ်ဦးရဲ့ မှတ်ချက်ပြုစကားအပေါ်မှာ Like ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ အဆိုပါပရိသတ်က မာတစ်ကို အသင်းကထွက်ခွာဖို့အတွက် တိုက်တွန်းပြောဆိုခဲ့ပြီး ဆိုးလ်ရှားရဲ့ လွဲမှားတဲ့အမြင်တွေအပေါ်မှာ မုန်းတီးနေပြီလို့ ဆိုခဲ့တာဖြစ်ပါတယ်။