ထူးခြားတဲ့တိုက်ဆိုင်မှုနဲ့ မှတ်တမ်းတွေ ဖြစ်ပါတယ်။

မနေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးကို အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဝေးကွင်းမှာ နိုင်ပွဲရအောင် ယူနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီက အက်ဖ်အေဖလား ဗိုလ်လုပွဲရှုံးပွဲကို ယူနိုက်တက်က ပြန်လည်ပေးဆပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

စတုတ္ထအဆင့်မှာလည်း အာဆင်နယ်ကို အဝေးကွင်းမှာ အနိုင်ယူနိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ ပဉ္စမအဆင့်မှာ နောက်ထပ်လန်ဒန်ကလပ်အသင်းဖြစ်တဲ့ ချယ်လ်ဆီးကို ထပ်မံအနိုင်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါဟာ ၁၉၉၉ ခုနှစ်က ဖလားသုံးလုံး တစ်ပြိုင်နက်တည်း ရယူနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းကို ပြန်လည်အမှတ်ရစေခဲ့တာလည်း ဖြစ်ပါတယ်။



၁၉၉၉ ခုနှစ်မှာ ယူနိုက်တက်က ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို တစ်နှစ်အတွင်းမှာပဲ ရရှိခဲ့ပြီး ဖလား(၃)လုံးဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဆိုပါဘောလုံးရာသီက အက်ဖ်အေဖလားပြိုင်ပွဲမှာ ယူနိုက်တက်ဟာ ကွာတားဖိုင်နယ်မှာ ချယ်လ်ဆီးကို အဝေးကွင်းမှာပဲ ဒွိုက်ယေ့ာခ်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ယူနိုုင်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာ အာဆင်နယ်ကို အဝေးကွင်းမှာပဲ ၁-၂ နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

နှစ်ပွဲစလုံးကို နှစ်ကျော့စီ ကစားခဲ့ရတာဖြစ်ပြီးတော့ ဒုတိယအကျော့ အဝေးကွင်းပွဲတွေမှာ ယူနိုက်တက် ပြန်လည်အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာတော့ နယူးကာဆယ်ကို ၂-၀ နဲ့ အနီုင်ယူပြီး ယူနိုက်တက်က အက်ဖ်အေဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ယူနိုက်တက်အနေနဲ့ ဆုဖလား(၃)လုံး ဆွတ်ခူးနိုင်ဖို့အတွက် မဖြစ်နိုင်တော့ပေမယ့်လည်း အက်ဖ်အေဖလားကတော့ အသင်းအတွက် အကောင်းဆုံးမျှော်လင့်ချက်အဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ယာယီနည်းပြဆိုးလ်ရှားလက်ထက်မှာ လန်ဒန်ကလပ်တွေကို ရှုံးပွဲလုံးဝမရှိသေးပဲ ပွဲတိုင်းကို အနိုင်ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ စပါးကို အဝေးကွင်းမှာ ၁-ဝ၊ ဖူလ်ဟမ်ကို ၃-ဝ၊ အာဆင်နယ်ကို ၃-၁၊ ချယ်လ်ဆီးကို ၂-၀ နဲ့ အသီးသီး အနိုင်ရရှိခဲ့ပြီး လန်ဒန်ကလပ်တွေအပေါ် အောင်ပွဲဆင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆိုးလ်ရှားဟာလည်း ယူနိုက်တက်နည်းပြဘဝမှာ စုစုပေါင်း (၁၃)ပွဲ ကိုင်တွယ်ထားခဲ့ပြီးတော့ (၁၁)ပွဲအထိ အနိုင်ရထားကာ (၁)ပွဲသရေ၊ (၁)ပွဲရှုံး ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။ အက်ဖ်အေဖလားကွာတားဖိုင်နယ်မှာတော့ ယူနိုက်တက် ဝုလ်ဗ်နဲ့ ကစားရမှာဖြစ်ပြီး အသင်းကြီးအဖြစ် မန်စီးတီးတစ်သင်းတည်းသာလည်း ကျန်တော့တာမို့ ယူနိုက်တက်အတွက် ဆုဖလားဆွတ်ခူးနိုင်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က