ရိုးမားအသင်းက ခန့်မှန်း အငှားစရိတ် ပေါင် ၂.၇ သန်းနဲ့ ခေါ်ယူဖွယ်ရှိနေပြီး စမောလင်းကလည်း ဒီနှစ် ဘောလုံးရာသီမှာ အရန်ခုံမှာပင် နေရာမရ ဖြစ်နေသူပါ။
ရိုးမားအသင်းကတော့ အပြောင်းအရွှေ့ ရာသီမပိတ်ခင် တနင်္လာနေ့ မတိုင်မီ မန်ချက်စတာယူနိုက်တက် အသင်း နောက်ခံလူ စမောလင်းကို အငှာနဲ့ ခေါ်ယူနိုင်ရေး ကြိုးပမ်းနေတယ်လို့ Daily Mail ကဖော်ပြလာပါ တယ်။
စမောလင်းကတော့ နည်းပြ ဆိုးလ်ရှားလက်ထက် ၃ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပြီး ၉ လအကြာမှာပဲ ဦးစားပေးခြင်း မခံရတော့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ရိုးမားအနေနဲ့ စမောလင်းအတွက် အငှားပြောင်းရွှေ့စရိတ် ပေါင် ၂.၇သန်းအထိ ပေးချေပြီး ခေါ်ယူသွားဖွယ်ရှိ တယ်လို့လည်း Daily Mail ကဖော်ပြလာပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့စမောလင်းကတော့ ဒီနှစ် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လိဂ် ၃ ပွဲစလုံးမှာ ပါဝင်ထားနိုင်ခြင်း လုံးဝမရှိသလို လူစာရင်းမှာပဲ ပါဝင်ထားနိုင်ခြင်းမရှိတာပါ။
အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်တဲ့ တမ်ဇန်ဘီက စမောလင်းနဲ့ ဖီးလ်ဂျုံးတို့ထက် အရန်ခုံကို ပိုမို ရရှိထားတာပါ။
စမောလင်းကို အဲဗာတန်အသင်းကလည်း စိတ်ဝင်စားခဲ့ပေမယ့် အင်္ဂလန် အပြောင်းအရွှေ့ရာသီက သြဂုတ်လ ၈ ရက်နေ့ကတည်းက ပိတ်သိမ်းသွားခဲ့လို့ ခေါ်ယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
အီတလီကလပ် ရိုးမားအသင်းကတော့ ဂျူဗင်တပ်အသင်းက နောက်ခံလူ ရူဂါနီကို ခေါ်ယူဖို့ မအောင်မြင်ခဲ့ပြီး နောက်စမောလင်းက နောက်ဆုံး ကြိုးစားအားထုတ်မှု ဖြစ်လာပါတယ်။
လက်ရှိမှာလည်း အရန်ခုံမှာပင် နေရာမရ ဖြစ်နေတဲ့စမောလင်းကို နည်းပြ ဆိုးလ်ရှားအနေနဲ့ အငှားသွားခွင့် ပေး မလားဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။