ထိုင်းနိုင်ငံမှာ COVID-19 အခြေအနေ တိုးတက်လာမှုကြောင့် အစိုးရက ညမထွက်ရအမိန့်ကို ရုပ်သိမ်းပြီး စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ အရက်ပြန်လည်ရောင်းချခွင့်ပြုသွားမယ်လို့ သိရပါတယ်။
(Photo: Reuters)
လာမယ့် ဇွန် ၁၅ ရက်နေ့မှစပြီး ညမထွက်ရအမိန့် ရုပ်သိမ်းကာ စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ အရက်ပြန်ရောင်းချခွင့်ပြုမယ်လို့ ထိုင်းနိုင်ငံ Centre for COVID-19 Situation Administration (CCSA) က ပြောပါတယ်။ CCSA ပြောခွင့်ရပုဂ္ဂိုလ် Taweesin Visanuyothin က ယနေ့ (ဇွန် ၁၂ ရက်) ပြောကြားမှုအရ ပိတ်ပင်ကန့်သတ်ချက်တွေကို တနင်္လာနေ့ (ဇွန် ၁၅ ရက်) မှစပြီး ဖြေလျှော့သွားမယ်လို့ ဆိုပါတယ်။
ထိုင်းမှာ COVID-19 ပြည်တွင်းကူးစက်မှု ထပ်မတွေ့ရတော့တာကြောင့် ကန့်သတ်ချက်တွေ ဖြေလျှော့လာခဲ့တာ ဖြစ်ပါတယ်။ ယနေ့ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ ထိုင်းနိုင်ငံမှာ COVID-19 အတည်ပြုလူနာအသစ် လေးဦး တွေ့ရှိခဲ့ရပါတယ်။ အတည်ပြုလူနာသစ် လေးဦးဟာ ထိုင်းနိုင်ငံသား အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦးတို့ ဖြစ်ကြပေမဲ့ ၎င်းတို့ဟာ အိန္ဒိယနိုင်ငံမှ ပြန်ရောက်လာသူတွေဖြစ်ပြီး ချောင်ဘူရီခရိုင်ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာမှာ နေထိုင်နေကြပါတယ်။
(Photo: Reuters)
ထိုလေးဦးလုံးထံမှာ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) စစ်ဆေးတွေ့ရှိခဲ့ရပေမဲ့ ၎င်းတို့ဟာ ရောဂါလက္ခဏာ မပြကြဘူးလို့ ဆိုပါတယ်။ "ကျွန်တော်တို့ဆီမှာ ပြည်တွင်းကူးစက်မှု မတွေ့ရတော့တာ ၁၈ ရက်ရှိပါပြီ၊ ကျွန်တော်တို့ သတိပြု ကာကွယ်မှုတွေကို မလျှော့သင့်သေးပါဘူး" လို့ အစိုးရအိမ်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း Taweesin Visanuyothin က ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ မတ်လအတွင်း lockdown အစီအမံတွေ ချမှတ်ဆောင်ရွက်ခဲ့ပြီးနောက် ယခုအခါ ပြန်လည် ဖြေလျှော့ရုပ်သိမ်းရေး စတုတ္တအဆင့်ကို ဝင်ရောက်နေပြီလို့ ဆိုပါတယ်။ ဧပြီ ၃ ရက်နေ့မှာ ညမထွက်ရအမိန့် စတင်ခဲ့စဥ်က ည ၁၀ နာရီမှ မနက် ၄ နာရီအထိ သတ်မှတ်ထားခဲ့ပေမဲ့ အချိန်လျှော့ချမှု နှစ်ကြိမ်လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။
(Photo: Khaosod English)
ထိုင်းနိုင်ငံမှာ ညမထွက်ရအမိန့် ရုပ်သိမ်းသွားမှာဖြစ်ပေမဲ့ လေကြောင်းခရီး၊ မြေပြင်နဲ့ ရေလမ်းကြောင်းကနေ နိုင်ငံတကာမှ ဝင်ရောက်လာမှုတွေကိုတော့ ယခုလကုန်အထိ ကန့်သတ်ထားမယ်လို့ သိရပါတယ်။ လတ်တလော စစ်ဆေးတွေ့ရှိနေရတဲ့ COVID-19 ကူးစက်မှုတွေဟာ ပြည်ပမှဖြစ်နေတာကြောင့်လည်း ထိုသို့ ဆက်လက် ပိတ်ပင်ကန့်သတ်ထားမယ်လို့ ဆိုပါတယ်။
တစ်နိုင်ငံလုံး ညမထွက်ရအမိန့်ကို ရုပ်သိမ်းမှုအပြင် နိုင်ငံတကာကျောင်းများ၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းနဲ့ ချိတ်ဆက်ထားတဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများနဲ့ ကျူရှင်ကျောင်းတွေကိုလည်း ဇွန် ၁၅ ရက်မှာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမယ်လို့ သိရပါတယ်။ ထို့အတူ ကျောင်းသူ/သား အရေအတွက် ၁၂၀ ထက်မပိုတဲ့ ကျောင်းတွေလည်း ပြန်ဖွင့်နိုင်မှာဖြစ်ပါတယ်။
(Photo: Pattarapong Chatpattarasill/Bangkok Post)
Taweesin Visanuyothin ရဲ့ အဆိုအရ ဂီတဖျော်ဖြေပွဲများ၊ ရုပ်ရှင်ရုံများနဲ့ အားကစားပြိုင်ပွဲတွေကိုလည်း ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံရေး အစီအမံများနဲ့အတူ ပြန်လည်စတင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။ Spa နဲ့ အနှိပ်ခန်းများ၊ နေ့ကလေးထိန်းစင်တာများ၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်တဲ့ နေရာတွေကိုလည်း အလားတူ ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံရေး ဆောင်ရွက်မှုများဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။ ထိုင်းအစိုးရက စီးပွားရေး နာလန်ပြန်ထူရန်အတွက် ရွေးချယ်ထားတဲ့ နိုင်ငံခြားသား ခရီးသွားအုပ်စုတွေကို အလည်အပတ် လာရောက်ခွင့်ပြုရန်လည်း စဥ်းစားနေပါတယ်။
Source: CNA, Reuters