ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိမှု အများစုဟာ လက်ဝှေ့အားကစားရုံတစ်ခုနဲ့ ဆက်နွယ်နေပါတယ်။

ထိုင်းနိုင်ငံမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူ နေ့စဥ် အသစ်တွေ့ရှိမှု အများဆုံးဖြစ်လာခဲ့ကြောင်း အကြီးတန်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


(Photo: AP)

ထိုင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၁၈၈ ဦး ယနေ့ (မတ်လ ၂၂ ရက်) တွေ့ရှိခဲ့ရပြီး ကူးစက်မှုတွေ စတင်ဖြစ်ပွားစဥ်မှ လက်ရှိအချိန်အထိ တစ်ရက်အတွင်း အများဆုံးလည်း ဖြစ်လာခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိမှု အများစုဟာ ယခင်ကူးစက်မှုများ တွေ့ရှိခဲ့ရာ လက်ဝှေ့အားကစားရုံတစ်ခုနဲ့ ဆက်နွယ်နေကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခွင့်ရအမျိုးသား Taweesin Wisanuyothin က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။



(Photo: Reuters)

"ဘန်ကောက်မှာ အသစ်တွေ့ရှိရတဲ့ ဗိုင်းရပ်စ်ကူးစက်မှု အများစုက အချင်းချင်း တွေ့ကြဆုံကြ ဆက်လုပ်ကြတဲ့ လူငယ်တွေကြားမှာ ဖြစ်ပါတယ်၊ ဒီလို တွေ့ကြဆုံကြတာက နောက်ထပ် ဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။ အများပြည်သူတွေ အိမ်မှာပဲနေကြရန်လည်း Taweesin Wisanuyothin က တိုက်တွန်းခဲ့ပါတယ်။

ဗိုင်းရပ်စ်ကူးစက် ထိန်းချုပ်ဟန့်တားရန် ဘန်ကောက်မြို့မှာ စူပါမတ်ကက်များမှလွဲပြီး ဈေးတန်းများကို မတ်လ ၂၂ ရက်မှ ဧပြီ ၁၂ ရက်အထိ ၂၂ ရက်ကြာ ပိတ်ထားမှာဖြစ်ကြောင်း မြို့တော်ဝန် Aswin Kwanmuang က မတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

(Photo: Reuters)

"အစားအစာနဲ့ နေ့စဥ် အသုံးအဆောင်တွေ ရောင်းချတဲ့ ဈေးတန်းတွေကို ဖွင့်ထားပါမယ်" လို့ Facebook မှာ live လွှင့်စဥ်အတွင်း Aswin Kwanmuang က ပြောခဲ့ပါတယ်။ ဘန်ကောက်မှာ ပိတ်ပင်ထားမယ့် နေရာများအနက် လက်ဝှေ့ရုံများ၊ အလှပြင်ခန်းမများနဲ့ ဂိမ်းဆိုင်များလည်း ပါဝင်ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဘန်ကောက်မှာ ထုတ်ပြန်ထားတဲ့ ယခု ပိတ်ပင်မှုတွေကို ချိုးဖောက်ပါက တစ်နှစ်အထိ ထောင်ဒဏ် သို့မဟုတ် ထိုင်းဘတ်ငွေ ၁၀၀,၀၀၀ ငွေဒဏ် ချမှတ်ခံရမယ်လို့ သိရပါတယ်။ ဘန်ကောက်မြို့မှာ ကျောင်းများနဲ့ ဘားဆိုင်များကိုလည်း နောက်ထပ် ၂၂ ရက်ကြာ ပိတ်ထားရန်ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

(Photo: Mladen Antonov/AFP)

မတ်လ ၂၂ ရက် မွန်းလွဲပိုင်းအထိ စာရင်းတွေအရ ထိုင်းနိုင်ငံမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၉၉ ဦးနဲ့ သေဆုံးသူ ၁ ဦရှိခဲ့ပြီး ၃၄ ဦး ပြန်လည်သက်သာခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 ကို တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။ မတ်လ ၂၂ ရက် နေ့လယ်ပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၉၉,၃၉၁ ဦးနဲ့ သေဆုံးသူ ၁၂,၈၈၈ ဦးအထိ ရှိလာခဲ့ပါတယ်။

Share

Loading Next Article...
က္က