ထိုင်းမှာ ကူးစက်မှုလျော့ကျလာခဲ့ပြီးနောက် မေ ၃ ရက်နေ့မှစပြီး lockdown လုပ်ထားမှုတွေကို ဖြေလျှော့ပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ မတ်လ ၉ ရက်နောက်ပိုင်း COVID-19 လူနာအသစ် ပထမဆုံးအကြိမ် မတွေ့ရှိရကြောင်း တာဝန်ရှိသူက ပြောပါတယ်။

(Photo: Reuters)

ယခုကဲ့သို့ COVID-19 လူနာအသစ် မတွေ့ရှိရမှုဟာ တစ်နိုင်ငံလုံး ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုးရလဒ်ဖြစ်ကြောင်းနဲ့ ပြည်သူများအနေနဲ့ အစိုးရရဲ့ ရောဂါထိန်းချုပ်ရေး စီမံဆောင်ရွက်မှုတွေကို သည်းခံကြရန် ထိုင်းနိုင်ငံ Centre for COVID-19 Situation Administration (CCSA) မှ ဒေါက်တာ Thaweesilp Wisanuyothin က ယနေ့ (‌‌မေ ၁၃ ရက်) ပြောပါတယ်။



"အခု ကျွန်တော်တို့ နည်းနည်း စိတ်သက်သာနိုင်ပြီ၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စောင့်ကြည့်မှုကို လုံးဝ မလျှော့ချသင့်ပါဘူး၊ ဒီဟာအတွက် ကျွန်တော်တို့အားလုံး အပြင်းအထန် လုပ်နေခဲ့ကြပြီး အခု ကျွန်တော်တို့ အနည်းငယ် စိတ်သက်သာနိုင်ပါပြီ" လို့ ၎င်းကဆိုပါတယ်။ ထိုင်းမှာ ဧပြီ ၃ ရက်နေ့မှစပြီး တစ်နိုင်ငံလုံးကို ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီးနောက် နေ့စဥ် COVID-19 ကူးစက်မှုနှုန်း ပုံမှန် လျော့ကျခဲ့ပါတယ်။

(Photo: Reuters)

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အသစ်တွေ့ရှိရတဲ့ COVID-19 လူနာအများစုဟာ အသွားအလာ ကန့်သတ်နေထိုင်ထားစေတဲ့ နေရာများမှဖြစ်ကြောင်း ဒေါက်တာ Thaweesilp Wisanuyothin က ပြောပါတယ်။ COVID-19 လူနာတွေနဲ့ ထိတွေ့မှုရှိသူများကို စုံစမ်းရှာဖွေပြီး သီးခြားခွဲကာ အသွားအလာကန့်သတ် နေထိုင်စေတာဖြစ်ပါတယ်။

"ဒီနေ့တော့ အသွားအလာ ကန့်သတ်ထားပြီး စောင့်ကြည့်နေသူတွေကို စစ်ဆေးမှုက ဗိုင်းရပ်စ်မတွေ့ပါဘူး၊ ဒါပေမဲ့ သူတို့က မနက်ဖြန် ဒါမှမဟုတ် သဘက်ခါမှာ ရောဂါလက္ခဏာပြလာနိုင်ပါတယ်၊ ဘယ်နေရာမဆို ဒီလိုဖြစ်နိုင်ပါတယ်" လို့ ဒေါက်တာ Thaweesilp Wisanuyothin က သတိပေးပါတယ်။ "ဒါကြောင့် လက်ဆေးပါ၊ ထိတွေ့မှုနည်းအောင် ခပ်ခွာခွာနေကြပြီး mask တပ်ပါ၊ ဒါက တစ်ကယ် အရေးကြီးပါတယ်" လို့ ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။

(Photo: Sakchai Lalit/AP)

ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်မှုလျော့ကျလာခဲ့ပြီးနောက် မေ ၃ ရက်နေ့မှစပြီး lockdown လုပ်ထားမှုတွေကို ဖြေလျှော့ပေးခဲ့ပါတယ်။ ထိုင်းအစိုးရက ယခုသီတင်းပတ်အတွင်း ပိတ်ပင်ကန့်သတ်မှုတွေကို‌ နောက်ထပ် ဖြေလျှော့ပေးသွားရန် စဥ်းစားနေတယ်လို့ CNA သတင်းက ဖော်ပြပါတယ်။ ယနေ့ (မေ ၁၃ ရက်) ညနေပိုင်းအထိ ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၃,၀၁၇ ဦး၊ သေဆုံးသူ ၅၆ ဦးနဲ့ ပြန်လည်သက်သာသူ ၂,၈၄၄ ဦးရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က