တရုတ်အမျိုးသမီးတစ်ဦးထံမှာ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။

ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့ တရုတ်အမျိုးသမီးတစ်ဦးထံမှာ အမျိုးအမည်မသိနိုင်သေးတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရပြီး ၎င်းကို သီးသန့်ခွဲထားကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

(တရုတ်အလယ်ပိုင်း ဝူဟန်မြို့ ဆေးရုံမြင်ကွင်း) (Photo: AFP)

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုး ကူးစက်ခံရမှုကို တရုတ်ပြင်ပမှာ ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိရမှုလည်း ဖြစ်လာပါတယ်။ လာမယ့် တရုတ်နှစ်သစ်ကူးကာလ အားလပ်ရက်အတွင်း ထိုင်းနိုင်ငံကို တရုတ်ခရီးသွား သိန်းနဲ့ချီ လာရောက်နိုင်မယ်လို့ ခန့်မှန်းထားပြီး ထိုင်းအာဏာပိုင်တွေက လေဆိပ်တွေမှာ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေခဲ့ပါတယ်။



ဇန်နဝါရီ ၃ ရက်နေ့ကတည်းက ထိုင်းကိုဝင်ရောက်လာတဲ့ ခရီးသည်များအနက် ၁၂ ဦးကို သီးသန့်ခွဲထားပြီးနောက် ဓာတ်ခွဲခန်းစမ်းသစ်စစ်ဆေးမှုအရ အသက် ၆၁ နှစ်အရွယ် တရုတ်အမျိုးသမီးထံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

(ကျန်းမာရေးစောင့်ကြည့်မှုစနစ်ကို ဝန်ကြီးက ပြသနေစဥ်) (Photo: Pornprom Satrabhaya/Bangkok Post)

အဆိုပါ တရုတ်အမျိုးသမီးကို ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၈ ရက်) မှာ သီးသန့်ခွဲထားခဲ့ပြီး ဆေးကုသပေးခဲကြောင်းနဲ့ အိမ်ပြန်နိုင်ရန် ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပြီလို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

"ကျွန်တော်တို့ရဲ့ ကျန်းမာရေး စောင့်ကြည့်စစ်ဆေးမှုအရ ဒီလူနာတစ်ယောက်ကို သိရှိနိုင်ခဲ့ပါတယ်၊ အခြေအနေကို ကျွန်တော်တို့ ကိုင်တွယ်ဆောင်ရွက်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်" လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Anutin Charnvirakul က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

(ထိုင်းလေဆိပ်တစ်ခုမြင်ကွင်း) (Photo: Bangkok Post)

ဝူဟန်မြို့မှာ အမျိုးအမည် မသိနိုင်သေးတဲ့ အဆိုပါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်နေသူ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး ဇန်နဝါရီ ၉ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။ ဝူဟန်မြို့မှ လူ ၄၁ ဦးမှာ အဆုတ်ရောင်ရောဂါ ပုံစံတူ လက္ခဏာများတွေ့ရပြီး ခုနစ်ဦးဟာလည်း ရောဂါပြင်းထန်ကြောင်း၊ နှစ်ဦးမှာ ဆေရုံးဆင်းနိုင်ပြီဖြစ်ကာ ကျန်လူနာများကတော့ အခြေအနေ တည်ငြိမ်မှုရှိကြောင်းလည်း ဝူဟန်မြို့ကျန်းမာရေးကော်မရှင်က ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်းမှာ ပထမဆုံးအကြိမ် ကူးစက်ခံရမှုတွေ့ရှိရတဲ့ ဗိုင်းရပ်စ်ဟာ တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှ အဆုတ်ရောင်ရောဂါဖြစ်စေတဲ့ SARS ဗိုင်းရပ်စ်အုပ်စုဝင် ဗိုင်းရပ်စ်အသစ်တစ်မျိုးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကလည်း တနင်္လာနေ့ (ဇန်နဝါရီ ၁၃ ရက်) မှာ အတည်ပြုခဲ့ပါတယ်။

(ထိုင်းလေဆိပ်တစ်ခုမြင်ကွင်း) (Photo: CTN News)

ဝူဟန်မှာ ကူးစက်ပျံ့နှံ့နေတဲ့ အဆိုပါ ဗိုင်းရပ်စ်အသစ်ဟာ ကမ္ဘာတစ်ဝှမ်း စိုးရိမ်ပူပန်ခဲ့ကြရဖူးတဲ့ SARS ရောဂါဖြစ်စေခဲ့တဲ့ ဗိုင်းရပ်စ်အုပ်စုမှ အသစ်ပေါ်ပေါက်လာတဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်နိုင်တယ်လို့ WHO က ပြောထားခဲ့ပါတယ်။ ၂၀၀၂-၀၃ ခုနှစ်ကာလက တရုတ်မှာ စတင်တွေ့ရှိခဲ့တဲ့ SARS ဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝှမ်း ၂၆ နိုင်ငံရှိ လူဦးရေ ၈,၀၀၀ ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီး တရုတ်ပြည်မကြီးမှာ ၃၄၉ ဦးနဲ့ ဟောင်ကောင်မှာ ၂၉၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Source: Reuterse, AFP


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က