အာဂျင်တီးနားကြယ်ပွင့်ဟာ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ပထမအကျော့မှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပေမယ့် ဒုတိယအကျော့မှာတော့ ရုန်းကန်ခဲ့ရပြီး ဘာစီလိုနာလည်း ဂိုးပြတ်ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲကထွက်ခွာခဲ့ရပါတယ်။
ဘာစီလိုနာအသင်း နိုင်ပွဲရချိန်မှာ ချီးကျူးခဲ့ကြပေမယ့် အသင်းရှုံးနိမ့်ချိန်မှာလည်း မက်ဆီကို ပြစ်တင်ဝေဖန်သင့်တယ်လို့ ဘရာဇီးလ်ဂန္ထဝင်ကစားသမား ရော်နယ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။ အာဂျင်တီးနားကြယ်ပွင့်ဟာ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ပထမအကျော့မှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပေမယ့် ဒုတိယအကျော့မှာတော့ ရုန်းကန်ခဲ့ရပြီး ဘာစီလိုနာလည်း ဂိုးပြတ်ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲကထွက်ခွာခဲ့ရပါတယ်။
ဘာစီလိုနာအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ နှစ်နှစ်ဆက်တိုက် အံ့အားသင့်ဖွယ်ရာ ထွက်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီရှုံးပွဲအပြီးမှာ ကော်တင်ဟိုကို ဝေဖန်ပြစ်တင်မှုတွေ အများအပြားရှိခဲ့ပြီး အခြားသောကစားသမားတွေကိုလည်း ပြစ်တင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မက်ဆီကို ပြစ်တင်မှုမရှိခဲ့တဲ့အပေါ်မှာတော့ ရော်နယ်ဒိုက ဝေဖန်ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
"ရှုံးပွဲအတွက် အပြစ်တင်နေမှုတွေက မမျှတပါဘူး၊ ဘာစီလိုနာက အသင်းကောင်းတစ်သင်းဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တဲ့ မက်ဆီလည်း အသင်းမှာ ရှိနေတာပါ၊ အသင်းရှုံးတဲ့နေ့တွေမှာဆိုရင် တခြားကစားသမားတွေကို အပြစ်တင်နေတာတွေ ကျွန်တော်ဖတ်ရပြီး နိုင်ပွဲရခဲ့ရင်တော့ မက်ဆီကြောင့်ဆိုပြီးတော့ ချီးကျူးနေခဲ့ကြပါတယ်"
"ဒါက ကစားသမားအားလုံး နဲ့ နည်းပြအဖွဲ့ဝင်တွေအတွက် မျှတမှုလုံးဝမရှိပါဘူး၊ ဘာစီလိုနာက အသင်းကောင်းတစ်သင်းဖြစ်ပြိး ကစားသမားကောင်းတွေ၊ နည်းပြကောင်းတွေ ရှိနေတာပါ၊ ဝေဖန်တော့မယ်ဆိုရင် နည်းနည်းတော့ပိုပြီး ဂရုစိုက်ခဲ့ပါတယ်၊ လီဗာပူးလ်က စိတ်ဓာတ်ပိုင်းပိုမိုပြင်းပြစွာနဲ့ ကစားသွားခဲ့ပြီးတော့ နိုင်ပွဲနဲ့ထိုက်တန်ခဲ့ပါတယ်၊ သူတို့က ခိုင်မာတဲ့စိတ်ဓာတ်ပိုင်း နဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ပြသနိုင်ခဲ့ပါတယ်" လို့ ရော်နယ်ဒိုက ပြောခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။
ဘရာဇီးလ်တိုက်စစ်မှူးဟောင်းကြီးဟာ ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာ နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ "ဘာစီလိုနာအတွက်တော့ တကယ်ကို ဝမ်းနည်းစရာပါ၊ သူတို့က ပထမအကျော့မှာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး မက်ဆီအတွက် အားလုံးက ပျော်ရွှင်ခဲ့ကြရပါတယ်၊ စပိန်အသင်းတစ်သင်း ဗိုလ်လုပွဲမရောက်တာ ဝမ်းနည်းစရာဆိုပေမယ့် လီဗာပူးလ်က ပိုပြီးတော့ ထိုက်တန်ခဲ့ပါတယ်" လို့ ရော်နယ်ဒိုက ထပ်ပြောခဲ့ပါတယ်။