ရခိုင်ပြည်နယ်က စောင့်ကြည့်လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို ပေးပို့နိုင်ဖို့ အတွက် လေကြောင်းလိုင်းများ ပြေးဆွဲပေးမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောလိုက်ပါတယ်။
Myanmar National Airline လေကြောင်းလိုင်း၊ KBZ လေကြောင်းလိုင်းတွေက ပြေးဆွဲပေးဖို့အတွက် စီစဉ်နေပြီး နောက်ပိုင်းမှာ ရခိုင်ပြည်နယ်က ဓာတ်ခွဲနမူနာတွေကို လေကြောင်းလိုင်းကတစ်ဆင့် ပေးပို့နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဆိုပါတယ်။
“သိပ်မကြာခင်ကာလမှာ လေကြောင်းလိုင်းများ ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်က ဓာတ်ခွဲနမူနာမူတွေကို ဖွင့်လှစ်တဲ့လေကြောင်းလိုင်းပေါ်မူတည်ပြီး အဲဒီလေကြောင်းလိုင်းနဲ့ပဲ ရန်ကုန်မှာရှိတဲ့ NHL (အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဌာန) ကိုပေးပို့ဖို့ ဆောင်ရွက်ထားပါတယ်။” လို့ ဒေါက်တာသာထွန်းကျော်က ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်ရခိုင်ပြည်နယ်မင်းပြားက ဓာတ်ခွဲနမူနာတွေကို ပို့ဆောင်ပေးခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တံဆိပ်ပါ ယာဉ်တစ်စီး တိုက်ခိုက်ခံရာ ပါလာတဲ့ ဝန်ထမ်း နှစ်ဦးအနက် တစ်ဦးကတော့ ဒဏ်ရာရခဲ့ပြီး WHO ယာဉ်မောင်းသေဆုံးသွားရတဲ့ ဖြစ်စဉ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
“COVID-19 နဲ့ ဆက်စပ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျွန်တော်တို့ ဝန်ကြီးဌာနကို ကူညီပေးခဲ့တဲ့ ဖြစ်စဉ်မှာ ဒီလိုဖြစ်သွားတဲ့အတွက် အင်မတန် ဝမ်းနည်းစရာကောင်းပါတယ်။ ဒါကြောင့် နောက်ထပ် ဒီလို ဓာတ်ခွဲနမူနာတွေကို ပေးပို့ဖို့အတွက် လေကြောင်းလိုင်းတွေနဲ့ပဲ ရန်ကုန်ကိုပို့ဖို့စီစဉ်နေတယ်။ “ လို့ ဒေါက်တာသာထွန်းကျော်က ပြောပြပါတယ်။
လက်ရှိမှာ တစ်နိုင်ငံလုံးက စောင့်ကြည့်လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးဖို့အတွက် ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာန (NHL) ကိုပဲ ပေးပို့ရတာဖြစ်ပါတယ်။
လက်ရှိမှာတော့ NHL မှာ တစ်ရက်ကို လူနာ ၃၀၀ စစ်ဆေးပေးနေပြီးနောက်ပိုင်းမှာတော့ စက်အသစ်ကြောင့် တစ်ရက်ကို လူနာ ၁၅၀၀ ဝန်းကျင်ခန့်စစ်ဆေးနိုင်တော့မယ်လို့လည်းသိရပါတယ်။