အထက်အညာဒေသမှာ အစောဆုံးကျင်းပလေ့ရှိတဲ့ ဘုရားပွဲတော်နဲ့နတ်ပွဲတော်တွေဟာ မကြာခင်မှာပဲစတင်တော့မှာဖြစ်တာကြောင့် ဒီပွဲတော်တွေမှာရောင်းချမယ့် ကလေးကစားစရာအိုးပုတ်တွေကို မန္တလေး အမရပူရမြို့နယ် တပ်ကြီးကျေးရွာမှာ ထုတ်လုပ်နေပြီဖြစ်ပါတယ်။
ပွဲဈေးတန်းတစ်လျှောက် နိုင်ငံခြားဖြစ် ကလေးကစားစရာပစ္စည်းတွေနဲ့အတူ ဈေးကွက်ယှဉ်ပြိုင်ရောင်းချနေရတဲ့ ဒီအိုးပုတ်ကလေးတွေက တကယ်တော့ မြေထည်မီးဖုတ်ပစ္စည်းတွေပဲ ဖြစ်ပြီး ရှေးနှစ်ပေါင်းများစွာကတည်းကရှိခဲ့တာပါ။
အိုးပုတ်လုပ်ငန်းဟာ တစ်နှစ်ပတ်လုံးဈေးကွက်ရှိပေမယ့်လည်း အခုလိုအညာဒေသဘုရားပွဲတော်နတ်ပွဲတော်တွေစတင်တော့မယ့်ကာလမှာတော့ အများဆုံးရောင်းချရတာဖြစ်တယ်လို့လည်းသိရပါတယ်။
“ တစ်နှစ်တစ်နှစ်ကို အိုးပုတ်က သောင်းနဲ့ချီပြီး ရောင်းရတယ်။ နတ်ပွဲတွေ၊ ပွဲတော်တွေရှိတဲ့ကာတွေဆိုရင် ဝါတွင်းကာလကြားမှာတင် နှစ်သောင်း၊သုံးသောင်းမကဘူး ရောင်းရတယ်။ ပွဲတော်တွေရှိနေသရွေ့ ပွဲတွေလုပ်ငန်းဖြစ်လေလေ အစ်မတို့ကပိုပြီးရောင်းရပဲ “ လို့ တပ်ကြီးကျေးရွာမှ အိုးပုတ်လုပ်ငန်းရှင်
မနှင်းက Duwun ကိုပြောပါတယ်။
မြေထည်မီးဖုတ်ပစ္စည်းတွေဟာ တစ်နှစ်ပတ်လုံးထုတ်လုပ်ရောင်းချနေတဲ့ပစ္စည်းတွေပဲဖြစ်ပြီး မကြာခင်ကျင်းပတော့မယ့် မန္တလေးမြို့က အိုးပုတ်ပွဲတော်မှာတော့ ပွဲတော်ရက်တစ်ရက်တည်းနဲ့တင်အိုးပုတ်အလုံးရေသိန်းဂဏန်းမျှရောင်းချရတယ်လို့သိရပါတယ်။
အထက်အညာဒေသမှာ အစောဆုံးကျင်းပတဲ့နတ်ပွဲဖြစ်တဲ့ စစ်ကိုင်းမြို့ကရွှေကျွန်းပင်နတ်ပွဲဟာ သြဂုတ်လ ၂ ရက်နေ့ကစတင်ကျင်းပခဲ့တာဖြစ်ပြီး သြဂုတ် လ ၈ ရက်နေ့မှာတော့ မန္တလေးမြို့ရဲအထင်ကရ တစ်နှစ်မှာတစ်ရက်တည်းကျင်းပတဲ့ အိုးပုတ်ပွဲတော်ကိုကျင်းပသွားမှာပါ။
အဲဒီနေ့မှာပဲ တောင်ပြုန်းပွဲတော်ကြီးကို စတင်ကျင်းပသွားတော့မှာဖြစ်ပါတယ်။