ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်းက အသက် ၃၅ နှစ်အရွယ် Sineenat Wongvajirapakdi ကို ၎င်းရဲ့ ကြင်ရာတော်အဖြစ် ဩဂုတ် ၂၈ ရက်နေ့မှာ တော်ဝင်ဂုဏ်ပုဒ်နဲ့ ရာထူးများ မူလအတိုင်း ပြန်လည်အပ်နှင်းခဲ့ကြောင်း ဘုရင့်နန်းတော်က Royal Gaztte မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
(ထိုင်းဘုရင်နှင့် ကြင်ရာတော် Sineenat) (Photo: AFP)
"Sineenat ဟာ အမှားမရှိတာကြောင့် သူမကို Royal Noble Consort Sineenat Bilaskalayani ကြင်ရာတော်ဂုဏ်ပုဒ်ကို ဘုရင်ရုံးခန်းနဲ့ စစ်ဘက်ရာထူးများနဲ့အတူ ပြန်လည်အပ်နှင်းလိုက်တယ်လို့ ဩဂုတ် ၂၉ ရက်နေ့ထုတ် Royal Gaztte သတင်းစာမှာ ထိုင်းဘုရင့်နန်းတော်က ပြောထားပါတယ်။ ဘုရင့်နန်းတော်ရဲ့ ကြေညာချက်အရ Sineenat ဟာ ကြင်ရာတော် တော်ဝင်ဂုဏ်ပုဒ်များ၊ စစ်ဘက်ရာထူးများ သို့မဟုတ် အဆောင်အယောင်များကို ယခင်က ရုပ်သိမ်းပယ်ဖျက်ခဲ့ခြင်း မရှိကြောင်း မှတ်ယူရမယ်လို့ ဆိုပါတယ်။
(ထိုင်းဘုရင်ရဲ့ ကြင်ရာတော် Sineenat) (Photo: EPA)
(ထိုင်းဘုရင်နှင့် မိဖုရားစုသီတာ) (Photo: Reuters)
အသက် ၆၈ နှစ်အရွယ် ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းက စတုတ္ထမြောက်ဇနီးအဖြစ် စုသီတာကို နန်းတက်ပွဲမတိုင် တရားဝင် လက်ထပ်ခဲ့ကာ မိဖုရားတင်မြှောက်ခဲ့ပြီးနောက် နှစ်လမျှအကြာမှာ Sineenat ကို ကြင်ရာတော်အဖြစ် တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။ Sineenat ဟာ လေ့ကျင့်ထားတဲ့ လေယာဉ်မှူး၊ သူနာပြုနဲ့ ကိုယ်ရံတော်တစ်ဦးဖြစ်ပြီး သူမရဲ့ ရှားပါးဓာတ်ပုံတွေကို နန်းတော်က ယမန်နှစ် ဩဂုတ်လအတွင်း ထုတ်ဖော်ပြသခဲ့ရာ ဝင်ရောက်ကြည့်ရှုသူ များပြားလွန်းတာကြောင့် နန်းတော်ဝက်ဘ်ဆိုက် ဖွင့်မရတဲ့အထိ ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။