ထိုင်ဝမ်ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဆိုင်အင်ဝမ်က အပြတ်အသတ် အနိုင်ရရှိသွားခဲ့ပါတယ်။
(ဆိုင်အင်ဝမ်ကို ထောက်ခံသူများ အောင်ပွဲခံစဥ်) (Photo: Getty Images)
ယမန်နေ့ (ဇန်နဝါရီ ၁၁ ရက်) က ရွေးကောက်ပွဲမှာ အနိုင်ရရှိမှုနဲ့အတူ ထိုင်ဝမ်ရဲ့ ပထမဆုံးအမျိုးသမီးသမ္မတအဖြစ်လည်း မှတ်တမ်းဝင်ထားခဲ့သူ ဆိုင်အင်ဝမ်က ဒုတိယသက်တမ်းကို ဆက်လက် တာဝန်ယူခွင့်ရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက် အသက် ၆၃ နှစ်အရွယ် ဆိုင်အင်ဝမ် (Tsai Ing-wen) က သူမရဲ့ပါတီ ဌာနချုပ်အပြင်ဘက်မှာ လာရောက်စုရုံးခဲ့တဲ့ ထောက်ခံသူတွေကို နှုတ်ခွန်းဆက်စကား ပြောခဲ့ပါတယ်။
"ဒီနေ့ ကျွန်မတို့က ကျွန်မတို့ရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ကာကွယ်ခဲ့ကြပါပြီ၊ မနက်ဖြန်မှာ ကျွန်မတို့ အတူတကွ စည်းလုံးညီညွတ်စွာ ရပ်တည်ပြီး စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေ အားလုံးကို ကျော်ဖြတ်ကြပါစို့" လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ထောက်ခံသူတွေကို ပြောပါတယ်။
(ထောက်ခံသူတွေကို နှုတ်ဆက်နေသည့် ဆိုင်အင်ဝမ်) (Photo: Getty Images)
ယမန်နေ့က ပြုလုပ်ခဲ့တဲ့ ထိုင်ဝမ်ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက် စံချိန်တင်များပြားခဲ့ပြီး ၈.၂ သန်းရှိခဲ့ပါတယ်။ ထိုအရေအတွက်ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲကထက် ၁.၃ သန်း ပိုမိုများပြားလာခဲ့တာလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲ တရားဝင် မဲရလဒ်တွေအရ ဆိုင်အင်ဝမ်က မဲအရေအတွက် ၅၇ ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရပါတယ်။ တရုတ်အစိုးရနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ Kuomintang ပါတီမှ သူမရဲ့ပြိုင်ဘက် Han Kuo-yu ကတော့ မဲအရေအတွက် ၃၉ ရာခိုင်နှုန်းရခဲ့ပြီး ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ပါတယ်။
(ဆိုင်အင်ဝမ်ရဲ့ပြိုင်ဘက် Han Kuo-yu) (Photo: Getty Images)
ယခုရွေးကောက်ပွဲရလဒ်က ထိုင်ဝမ်ဟာ တရုတ်ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ထားပြီး သမ္မတဆိုင်အင်ဝမ်ကို ရာထူးမှာမရှိတော့စေရန် တိတ်တဆိတ် ဆန္ဒရှိနေခဲ့တဲ့ တရုတ်အစိုးရအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ခဲ့ကြောင်း AFP သတင်းက ဖော်ပြာပါတယ်။ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ဟာ တိုင်ပေမြို့မှာ မွေးဖွားခဲ့ပြီး ၁၉၇၈ ခုနှစ်မှာ ဥပဒေဘာသာရပ်ဖြင့် ထိုင်ဝမ်တက္ကသိုလ်မှ ဘွဲရရှိခဲ့ပါတယ်။
၁၉၈၀ ပြည့်နှစ်မှာ အမေရိကန်ပြည်ထောင်စု နယူးယော့ခ်ရှိ Cornell University Law School မှ ဥပဒေဆိုင်ရာ မဟာဘွဲ့ကိုလည်း ထပ်မံရရှိခဲ့ပါတယ်။ ထို့နောက် ၁၉၈၄ ခုနှစ်မှာ London School of Economics မှ ဥပဒေဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိခဲ့ကြောင်း သိရပါတယ်။ ဆိုင်အင်ဝမ်ဟာ DPP ပါတီဥက္ကဋ္ဌအဖြစ် ၂၀၁၂ ခုနှစ်မှာ စတင်တာဝန်ယူခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိကာ ထိုင်ဝမ်ရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာခဲ့ပါတယ်။