တောင်းတန်းတစ်ခုမှာ အရေးပေါ်ဆင်းသက်စဥ် ပျက်ကျခဲ့ပါတယ်။

ထိုင်ဝမ်မှာ စစ်ဘက်ရဟတ်ယာဥ်တစ်စီး တောင်တန်းဒေသမှာ အရေးပေါ်ဆင်းသက်စဥ် ပျက်ကျခဲ့ရာ စစ်တပ် ထိပ်တန်းအကြီးအကဲတစ်ဦး အပါအဝင် လူရှစ်ဦး သေဆုံးခဲ့ပါတယ်။

(ဗိုလ်ချုပ်ကြီး ရှန်ယီမင်) (Photo: Air Force Command Headquarters, Ministry of National Defense)

ထိုင်ဝမ်စစ်တပ်မှ Black Hawk ရဟတ်ယာဥ်ဟာ တိုင်ပေမြို့တော်အနီး တောင်တန်းနေရာမှာ အရေးပေါ်ဆင်းသက်စဥ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ယနေ့ (ဇန်နဝါရီ ၂ ရက်) ဖြစ်ပွားခဲ့တဲ့ စစ်ဘက်ရဟတ်ယာဥ် ပျက်ကျမှုအတွင်း ထိပ်တန်းအကြီးအကဲတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး ရှန်ယီမင် (Shen Yi-ming) နဲ့ အခြား အကြီးတန်း အရာရှိ ခုနစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်ဝမ်စစ်တပ်က ပြောပါတယ်။



ရှန်ယီမင်နဲ့အတူ အခြား ၁၂ ဦး လိုက်ပါလာတဲ့ Black Hawk ရဟတ်ယာဥ်ဟာ ရာသီဥတုဆိုးရွားနေစဥ် အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ရဟတ်ယာဥ်ပျက်ကျမှုအတွင်း လူအချို့ကို အသက်ရှင်လျက်တွေ့ရကြောင်းနဲ့ အခြားသူတွေကတော့ ရဟတ်ယာဥ်အပျက်အစီးတွေအောက်မှာ ပိတ်မိနေကြောင်း အစောပိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

(ပျက်ကျခဲ့သည့် Black Hawk အမျိုးအစား ရဟတ်ယာဥ်တစ်စီး) (Photo: CNN)

အသက် ၆၂ နှစ်အရွယ် ဗိုလ်ချုပ်ကြီး ရှန်ယီမင်နဲ့ အဖွဲ့ဟာ ထိုင်ဝမ်အရှေ့မြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုသို့ သွားရောက်နေစဥ် ရဟတ်ယာဥ်ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ပျက်ကျခဲ့တဲ့ ရဟတ်ယာဥ်ဟာ ယနေ့ ဒေသစံတော်ချိန် မနက် ၇ နာရီ ၅၄ မိနစ်က ယီလန်ကောင်တီ Dong'ao ရှိ စစ်အခြေစိုက်စခန်းမှ ထွက်ခွာသွားခဲ့ကြောင်း Focus Taiwan သတင်းဌာနက ပြောပါတယ်။ ရဟတ်ယာဥ်ဟာ လေကြောင်းထိန်းသိမ်းရေးနဲ့ ၈ နာရီ ၂၂ မိနစ်မှာ အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် အရေးပေါ်ဆင်းသက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

(ရဟတ်ယာဥ်အပျက်အစီးများကို တွေ့ရစဥ်) (Photo: AFP/Getty Images)

"ငါးယောက် အသက်ရှင်ပြီး ကျန်တဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် ရှစ်ယောက်ကတော့ သေဆုံးခဲ့ပါတယ်၊ ကျွန်တော်တို့ အလွန်ဝမ်းနည်းရပါတယ်၊ သူတို့မိသားစုတွေကို ကျွန်တော်တို့ ဝမ်းနည်းကြောင်း ပြောပါရစေ" လို့ ထိုင်ဝမ်လေတပ် အကြီးအကဲ Hsiung Hou-chi က သတင်းထောက်တွေကို ပြောပါတယ်။

၂၀၁၀ ခုနှစ်မှာ အမေရိကန်က ထိုင်ဝမ်ကို 60 UH-60M Black Hawk ရဟတ်ယာဥ် အစီး ၆၀ ရောင်းချခဲ့ပြီး ယခုပျက်ကျခဲ့တဲ့ ရဟတ်ယာဥ်ဟာ တစ်စီးအပါအဝင်ဟုတ် မဟုတ် အတိအကျ မသိရသေးပါဘူး။ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန် ရက်ပိုင်းမျှအလိုမှာ စစ်ဘက်ရဟတ်ယာဥ်ပျက်ကျမှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

(ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်) (Photo: AFP/Getty Images)

ရဟတ်ယာဥ်ပျက်ကျခဲ့ပြီးနောက် လက်ရှိ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအားလုံးကို သုံးရက်ကြာ ဖျက်သိမ်းရပ်ဆိုင်းထားမယ်လို့ သူမရဲ့ရုံးခန်းက ထုတ်ပြန်ခဲ့ပါတယ်။ ထို့အတူ အာဏာရ Democratic Progressive ပါတီကလည်း‌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေကို သုံးရက်ကြာ ရပ်ဆိုင်းထားမယ်လို့ ပြောပါတယ်။

လက်ရှိသမ္မတ ဆိုင်အင်ဝမ်ရဲ့ ပြိုင်ဘက်ဖြစ်သူ Kuomintang (KMT) ပါတီမှ Kaohsiung မြို့တော်ဝန် Han Kuo-yu ကလည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကို နှစ်ရက်ကြာ ရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်မှာ သမ္မတသစ်ရွေးကောက်ပွဲနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေကို လာမယ့် ဇန်နဝါရီ ၁၁ ရက်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

"ရဟတ်ယာဥ်ပျက်ကျရတဲ့ အကြောင်းရင်းက ပတ်ဝန်းကျင်အခြေအနေကြောင့်လား ဒါမှမဟုတ် စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်လားဆိုတာ ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်" လို့ ထိုင်ဝမ်လေတပ် အကြီးအကဲ Hsiung Hou-chi က ပြောပါတယ်။ ထိုင်ဝမ်မှာ ၂၀၁၈ ခုနှစ်အတွင်းကလည်း အစိုးရ ကယ်ဆယ်ရေးဌာနမှ ရဟတ်ယာဥ်တစ်စီးဟာ အစွန်အဖျားဒေသရှိ Orchid ကျွန်းသို့ ဆေးကုသမှုခရီးစဥ် သွားရောက်နေစဥ် ပျက်ကျခဲ့ရာ လိုက်ပါလာသူ ခြောက်ဦး သေဆုံးခဲ့ဖူးပါတယ်။ ထို့အတူ ထိုင်ဝမ်မှာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်အတွင်း ရဟတ်ယာဥ်ပျက်ကျမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးမှုမရှိခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က