မလေးရှားနိုင်ငံမှ တရုတ်စုံတွဲ ၉၉ တွဲက ၉ ရက် ၉ လဖြစ်တဲ့ ယနေ့ (စက်တင်ဘာ ၉ ရက်) မှာ စုရုံးလက်ထပ်ပွဲ ဆင်နွှဲခဲ့ကြပါတယ်။
၉ လမြောက်ရဲ့ ၉ ရက်မြောက်နေ့ဟာ မင်္ဂလာရှိတဲ့ နေ့တစ်နေ့အဖြစ် တရုတ်လူမျိုးတွေက ယူဆထားကြပါတယ်။ စုံတွဲ ၉၉ တွဲရဲ့ စုရုံးလက်ထပ်ပွဲကို ကွာလာလမ်ပူမြို့ရှိ Thean Hou တရုတ်ဘုံကျောင်းမှာ စည်းကားသိုက်မြုက်စွာ ကျင်းပခဲ့ကြပါတယ်။
တရုတ်လူမျိုးတွေက နံပါတ်ကိုးဂဏန်းကို ရှည်ကြာခိုင်မြဲမှုဖြစ်စေတဲ့ ဂဏန်းအဖြစ် အယူအဆရှိတယ်လို့လည်း ဆိုပါတယ်။ ၉ ရက် ၉ လ စုရုံးလက်ထပ်ပွဲမှာ စုံတွဲအများစုက အနက်ရောင်နဲ့ အဖြူရောင်း မင်္ဂလာဝတ်စုံများ ဝတ်ဆင်ထားကြပါတယ်။
(Photo: Farhan Najib/Malay Mail)
စုံတွဲအနည်းကတော့ တရုတ်ရိုးရာမှာ ကံကောင်းမှု၊ ဝမ်းသာမှုနဲ့ ပျော်ရွှင်မှုကို ကိုယ်စားပြုတဲ့ အနီရောင်ဝတ်စုံကို ဆင်မြန်းထားကြတာလည်း တွေ့ရပါတယ်။ မင်္ဂလာပန်စည်းများကို ကိုင်ဆောင်ထားတဲ့ စုံတွဲများကို အနီရောင်ဝတ်ရုံခြုံလွှမ်းထားတဲ့ တရုတ်ဘုန်းတော်ကြီးက ကောင်းချီပေးခဲ့ပြီးနောက် မင်္ဂလာမောင်နှံတွေက ကတိသစ္စာပြုကြပါတယ်။
(Photo: Farhan Najib/Malay Mail)
ထို့နောက် အုပ်စုလိုက် အမှတ်တရဓာတ်ပုံရိုက်ကြကာ စုရုံးလက်ထပ်ပွဲ ပြီးမြောက်ခဲ့တယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံရဲ့ လူဦးရေ ၃၂ သန်းအနက် တရုတ်လူမျိုး ၂၃ ရာခိုင်နှုန်း ပါဝင်ကြောင်းနဲ့ လူဦးရေ ငါးပုံတစ်ပုံဟာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြတယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။