Tesla ကားထုတ်လုပ်မှု ၃ သန်းကျော်ပြီလို့ ဆိုပါတယ်

COVID-19 လော့ခ်ဒေါင်းတွေ ရှိခဲ့ပေမယ့် လျှပ်စစ်ကား ၁ သန်းကျော် ထုတ်လုပ်ပေးခဲ့တဲ့ တရုတ် Tesla ကားစက်ရုံရဲ့လုပ်အားကို အီလွန်မတ်စ်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ 

Tesla ကားထုတ်လုပ်ရေးကနေ ကားအစီရေ ၃ သန်းကျော် ထုတ်လုပ်ခဲ့ရာမှာ ရှန်ဟိုင်း Giga စက်ရုံက ကားအစီးရေ ၁ သန်း ထုတ်လုပ်ခဲ့တာလို့ ဆိုပါတယ်။ တနင်္ဂနွေနေ့က အီလွန်မတ်စ်ရဲ့ Tweet ထဲမှာ ရှန်ဟိုင်းကားစက်ရုံကို အစီးရေ ၁ သန်းမြောက် ကားထုတ်လုပ်နိုင်တာကို ဂုဏ်ယူကြောင်းနဲ့ Tesla ကနေ စုစုပေါင်း ကားထုတ်လုပ်မှု ၃ သန်းကျော်ပြီ ဖြစ်ကြောင်း အသိပေးထားပါတယ်။ 




၂၀၁၀ ခုနှစ်အတွင်းမှာ Tesla ဟာ ကားအစီးရေ ၂၀၀၀ အောက်နည်းပြီး တင်ပို့ခဲ့တာ ဖြစ်ပြီး ၁၂ နှစ်အတွင်း ကားအစီးရေ ၃ သန်းကျော် တင်ပို့ရောင်းချနိုင်ခဲ့တာပါ။ Wall Street ရဲ့ ခန့်မှန်းချက်အရ လာမယ့်နှစ်နှစ်အတွင်း Tesla ဟာ နောက်ထပ် ကားအစီးရေ ၃ သန်း ထုတ်လုပ်နိုင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ Tesla ဟာ တက္ကဆက်နဲ့ ဂျာမနီ ကားစက်ရုံသစ်တွေရဲ့ ထုတ်လုပ်မှုကိုလည်း အရှိန်မြှင့်တင်နေပါတယ်။ ကုမ္ပဏီ CEO အီလွန်မတ်စ်ကတော့ ၂၀၂၂ နှစ်ကုန်ပိုင်းမှာ ဒီကားစက်ရုံတွေကနေ တစ်နှစ်ကို ကားအစီးရေ ၂ သန်းခန့် ထုတ်လုပ်နိုင်ဖို့ ရှိတယ်လို့ ပြောထားပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်က ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမောင့်မှာရှိတဲ့ Tesla ကားစက်ရုံကနေ အစင်းရေ ၂ သန်းမြောက် ကား ထုတ်လုပ်လိုက်ကြောင်း ကြေညာပြီးတဲ့နောက် ရှန်ဟိုင်းစက်ရုံရဲ့ အစီးရေ ၁ သန်းမြောက်ကား ထုတ်လုပ်မှုအကြောင်း ကြေညာခဲ့တာပါ။ Tesla ကားကုမ္ပဏီဟာ အော်စတင် ၊ တက္ကဆက် နဲ့ ဘာလင်တို့မှာလည်း ကားစက်ရုံသစ်တွေ တည်ထောင်ထားပြီး ဒီစက်ရုံတွေဟာ ပိုက်ဆံအကြီးအကျယ် ဖြုန်းတီးနေတဲ့ စက်ရုံတွေလို့ ပြီးခဲ့တဲ့ ဇွန်လက ကုမ္ပဏီရဲ့ CEO အီလွန်မတ်စ်က ပြောကြားခဲ့ပါတယ်။ 

ကားအစီးရေ ၃ သန်းကျော် ထုတ်လုပ်နိုင်မှုဟာ Tesla အတွက် မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပေမယ့် ကားလောကရဲ့ သက်တမ်းရင့် ကုမ္ပဏီကြီးတွေရဲ့ စံချိန်နဲ့ နှိုင်းယှည်လို့တော့ မရပါဘူး။ ကမ္ဘာ့အကြီးဆုံးကားကုမ္ပဏီ Toyota ဟာ ၂၀၂၁ ခုနှစ်ထဲမှာ ကားအစီးရေ ၁၀ သန်းကျော် တင်ပို့ခဲ့ပြီး ဒုတိယအကြီးဆုံးကားကုမ္ပဏီ Volkswagen က ကားအစီးရေ ၉ သန်းနီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ ဝယ်လိုအားကောင်းနေတဲ့ Tesla အတွက် ထုတ်လုပ်ရေးဟာ ဝယ်လိုအားထက် ပိုကြီးတဲ့ စိန်ခေါ်မှုတစ်ခုလို့ အီလွန်မတ်စ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ရှန်ဟိုင်းကားစက်ရုံကိုတော့ ၂၀၁၉ ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ၂၀၂၀ ဝန်းကျင်လောက်မှာ ရှန်ဟိုင်းစက်ရုံထုတ်ကားတွေ စတင် တင်ပို့ခဲ့တာပါ။ ရှန်ဟိုင်း Giga ကားစက်ရုံအနေနဲ့ နှစ်နှစ်အတွင်း ကားအစီးရေ ၁ သန်း တင်ပို့နိုင်ခဲ့တာ ဖြစ်ပြီး အမေရိကန်ဖရီးမောင့်စက်ရုံကတော့ ၁ သန်းမြောက် ကား ထုတ်လုပ်တင်ပို့နိုင်ဖို့ ၁၀ နှစ်နီးပါး အချိန်ယူခဲ့ရတာ ဖြစ်ပါတယ်။ ဒီအတွင်း တရုတ်နိုင်ငံအတွင်း COVID-19 ကူးစက်မှုဟန့်တားရေး ကန့်သတ်ချက်တွေ နဲ့ ပစ္စည်းအစိတ်အပိုင်း ပြတ်လပ်မှုတွေကြောင့် ရှန်ဟိုင်း Tesla ကားစက်ရုံကို ထုတ်လုပ်မှုရပ်နားပြီး ယာယီပိတ်ထားခဲ့ရပါတယ်။ 

ရှန်ဟိုင်း Tesla ကားစက်ရုံဟာ တစ်ရက်ကို ကားအစီးရေ ၂၀၀၀ နီးပါး ထုတ်လုပ်နေတာ ဖြစ်ပြီး Lockdown ကြောင့် ကားအစီးရေ ၄ သောင်းခန့် ထုတ်လုပ်မှု မပြည့်မှီခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်ပဲ Lockdown ဖြေလျှော့မှုတွေ ပေးလာချိန်မှာ Tesla ဟာ ရှန်ဟိုင်းကားစက်ရုံရဲ့ ကားထုတ်လုပ်မှု လျာထားချက်ပြည့်မှီဖို့ ဝန်ထမ်းတွေကို တစ်ရက် ၁၂ နာရီ နဲ့ တစ်ပတ်ကို ၆ ရက် အလုပ်ဆင်းခိုင်းဖို့ စီစဉ်ခဲ့တယ်လို့ Bloomberg သတင်းက ဖော်ပြပါတယ်။ 


ဇူလိုင်လထဲမှာ ဒုတိယသုံးလပတ်အတွင်း ကားအစီးရေ ၂၅၅၀၀၀ နီးပါး တင်ပို့နိုင်ကြောင်း Tesla က ကြေညာခဲ့ပါတယ်။ Supply Chain ပြဿနာတွေနဲ့ ပစ္စည်းအစိတ်အပိုင်းပြတ်လပ်မှုတွေကြောင့် ဒုတိယသုံးလပတ် ကားတင်ပို့မှုပမာဏဟာ ကားအစီးရေ ၃ သိန်းကျော် တင်ပို့နိုင်ခဲ့တဲ့ ဇန်နဝါရီ-မတ် ပထမသုံးလပတ်ထက် ၁၈% လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။ ဝင်ငွေအရ Tesla ဟာ Wall Street ရဲ့ ဒုတိယသုံးလပတ်ဝင်ငွေရလဒ်ခန့်မှန်းမှုထက် ပိုရခဲ့ပြီး မျှော်လင့်ထားတာထက် အမြတ်ပိုထွက်ခဲ့တယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က