ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်ရှိ မူလတန်းကျောင်းတစ်ကျောင်းမှာ စာသင်ခန်းပြိုကျခဲ့မှုကြောင့် အနည်းဆုံး ကလေးငယ်ခုနစ်ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
(Photo: Reuters)
Precious Talent Tops School မူလတန်းကျောင်းရဲ့ သစ်သားဖြင့်ဆောက်လုပ်ထားတဲ့ စာသင်ခန်းတစ်ခန်းဟာ ယနေ့ (စက်တင်ဘာ ၂၃ ရက်) ကျောင်းစတက်ပြီး မကြာမီမှာ ဒေသစံတော်ချိန် မနက် ၇ နာရီဝန်းကျင်းမှာ ပြိုကျခဲ့တာဖြစ်ပါတယ်။ စာသင်ခန်းပြိုကျမှုအတွင်း ဒဏ်ရာရသူ ဒါဇင်နဲ့ချီရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အဆိုပါ ကျောင်းနေရာမှာ ဆောင်ရွက်နေကြောင်း သိရပါတယ်။ စာသင်ခန်းပြိုကျပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်ရန် ကျောင်းသို့ရောက်ရှိရေး လူအများအပြား လာရောက်စုံပြုံကြည့်ရှုနေခဲ့တာကြောင့် အခက်အခဲကြုံရခဲ့တယ်လို့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ပြောပါတယ်။
(Photo: @RobertAlai/Twitter)
"အခုအချိန်ထိ ကျွန်တော်တို့ အတည်ပြုနိုင်တာကတော့ ခုနစ်ဦးသေဆုံးပြီး ၅၇ ဦးက ဆေးရုံမှာပါ" လို့ အစိုးရပြောခွင့်ရ အမျိုးသားက စာသန်းခန်းပြိုကျမှုဖြစ်ခဲ့တဲ့ Dagoretti ဒေသရှိ မူလတန်းကျောင်းအပြင်ဘက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
စာသင်ကျောင်းရဲ့ ညွန်ကြားရေးမှူး Moses Ndirangu ကတော့ အနီးအနားမှာ ရေဆိုးပိုက်လိုင်းတစ်ခု တည်ဆောက်နေမှုက ကျောင်းအဆောက်အအုံရဲ့ အုတ်မြစ်ချထားမှုကို သက်ရောက်မှုဖြစ်စေပြီး ပြိုကျမှုဖြစ်ခဲ့ကြောင်း အပြစ်တင်ပြောကြားခဲ့ပါတယ်။ စာသင်ခန်းပြိုကျပြီးနောက် အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင်မှု နှေးကွေးကြောင်း ဒေသခံတွေက ဒေါသတကြီး ဝေဖန်ပြောဆိုမှုတွေလည်း ရှိခဲ့တယ်လို့ နိုင်ရိုဘီရှိ BBC သတင်းထောက် Ferdinand Omondi က ဆိုပါတယ်။
(Photo: Standard Media)
ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံများအရ ပြိုကျမှုဖြစ်ခဲ့တဲ့ ကျောင်းပတ်လည်မှာ ဒေသခံ ရာနဲ့ချီ စုရုံးရောက်ရှိနေကြပြီး ကယ်ဆယ်ရေးသမားတွေက အပျက်အစီးများကြား ရှာဖွေနေကြတာ တွေ့ရပါတယ်။ စာအုပ်များ၊ စားပွဲနဲ့ ကုလားထိုင်များကိုလည်း အပျက်အစီးများကြားမှ တွေ့နေရပါတယ်။ ကင်ညာအစိုးရက ယခုစာသင်ကျောင်းပြိုကျမှု ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောထားပါတယ်။