Google Pixel ဖုန်းတွေဟာ Android Q သစ်နဲ့အတူ ထူးခြားတဲ့ features တစ်ခုကို အသုံးပြုနိုင်ဖို့ရှိပါတယ်။
XDA-Developers သတင်းမှာ Google ဟာ Android Q Beta 3 မှာ Safety Hub app ဆိုတဲ့ အက်ဆီးဒင့် ဖြစ်တာကို သိရှိတွက်ချက်နိုင်တဲ့ လုပ်ဆောင်ချက်တစ်ခု ပါလာမယ်လို့ဆိုပါတယ်။ ဒီ feature ဟာ Google Pixel ဖုန်းတွေမှာပဲ သီးသန့်ပါလာမယ့် feature ဖြစ်ပြီး ကားတိုက်မိချိန်မှာ အလိုအလျောက် အသိပေးတဲ့ စနစ်လည်း ထည့်သွင်းထားဖို့ရှိပါတယ်။
Photo: XDA-Developers
Safety Hub app ဟာ GPS အချက်အလက်နဲ့ချိတ်ဆက်ပြီး ကားထဲမှာ ဒီဖုန်းကိုင်တဲ့သူ ရောက်မရောက်ကို သိနိုင်မှာ ဖြစ်ပြီး အရှိန်နဲ့သွားရင်း ရုတ်တတရပ်ကြီး ကားရပ်သွားတာကို သိဖို့အရှိန်တိုင်းစနစ်နဲ့လည်း ချိတ်ဆက်ထားမယ်လို့ယူဆရပါတယ်။ Safety Hub ဟာ microphone နဲ့ချိတ်ပြီး ကားတိုက်တဲ့ အသံကိုလည်း နားထောင်နိုင်ဖို့ရှိပါတယ်။
Google ဟာ ဒီ feature အတွက် ကုမ္ပဏီရဲ့ mechine learning နည်းပညာနဲ့ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ရှိပါတယ်။ အခုထိတော့ ဒီ feature အကြောင်း တရားဝင် ထုတ်ပြန်ထားတာမျိုး မရှိသေးသလို Safety Hub ဟာ အပြည့်အဝ လုပ်ဆောင်နိုင်မယ်လို့လည်း ပြောလို့မရသေးပါဘူး။ Google ဟာ ပြီးခဲ့တဲ့ မေလ ၇ ရက်ကနေ ၉ ရက်အထိ သုံးရက်တာ ကျင်းပခဲ့တဲ့ Google I/O Conference ပွဲမှာ Android Q Beta 3 ကို ကြေညာခဲ့တာပါ။
Photo: androidauthority
ဒီ OS သစ်မှာ Live Caption လို့ခေါ်တဲ့ ဗွီဒီယိုတွေမှာ အသံကနေ စာသား အလိုအလျောက် ပြောင်းပေးမယ့် feature နဲ့Dark Theme ပါလာမှာ ဖြစ်ပါတယ်။ Google ရဲ့ Android Q စနစ်ကို Google Pixels ဖုန်းတွေအပြင် Sony ၊ OnePlus ၊ Nokia ၊ LG ၊ Asus ၊ Vivo နဲ့Xiaomi အပါအဝင် ဖုန်းအမျိုးအစား ၁၅ မျိုးမှာ update ပေးသွားမယ်လို့ဆိုပါတယ်။
Safety Hub app ဟာ Pixel ဖုန်းတွေအတွက်ပဲ သီးသန့်ထည့်ထားတဲ့ feature ဖြစ်တာကြောင့် Android Q သုံးတဲ့ တစ်ခြား အန်းဒရိုက်ဖုန်းတွေမှာတော့ ဒီလုပ်ဆောင်ချက်ကို သုံးနိုင်မှာမဟုတ်ပါဘူး။