အာဖဂန်မှာ နိုင်ငံလူဦးရေ ၃၈.၉ သန်းအတွက် အသက်ရှူစက် အများဆုံး အလုံး ၄၀၀ သာရှိပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှ Afghan Girls Robotics Team မိန်းကလေးအဖွဲ့က ကားပစ္စည်းအစိတ်အပိုင်းတွေသုံးပြီး COVID-19 လူနာတွေအတွက် လိုအပ်နေတဲ့ အသက်ရှူစက်များ ပြုလုပ်နေကြောင်း သိရပါတယ်။

ကျွန်မတို့ရဲ့ အားထုတ်မှုနဲ့ လူ့အသက်တစ်ချောင်းကို ကျွန်မတို့ ကယ်နိုင်ခဲ့တယ်ဆိုရင်တောင်မှ ဒါက အရေးကြီးပါတယ်


(မိန်းကလေးများနဲ့ ၎င်းတို့ ပြုလုပ်ထားသည့် အသက်ရှူစက်) (Photo: Roya Mahboob)

ထိုအဖွဲ့မှ ဆယ်ကျော်သက်မိန်းကလေးတွေဟာ ၂၀၁၇ ခုနှစ်က အမေရိကန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲတစ်ခုမှာ အနိုင်ရခဲ့စဥ် နာမည်ကြီးခဲ့ပါသေးတယ်။ ယခုအခါမှာတော့ ဆယ်ကျော်သက်မိန်းကလေးအဖွဲ့ဟာ မေလကုန်မှာ ဈေးကွက်အတွင်းမှ ဈေးနှုန်းထက် အလွန့်အလွန် ဈေးနှုန်းသက်သာတဲ့ အသက်ရှူစက်တွေကို ပေးပို့နိုင်ရန် အချိန်လု ကြိုးပမ်းလုပ်ဆောင်နေကြပါတယ်။

ဆယ်စုနှစ်နဲ့ချီ စစ်ပွဲဖြစ်ပွားနေခဲ့တဲ့ အာဖဂန်မှာ နိုင်ငံလူဦးရေ ၃၈.၉ သန်းအတွက် အသက်ရှူစက် အများဆုံး အလုံး ၄၀၀ သာရှိပါတယ်။ အာဖဂန်မှာ မေ ၂၀ ရက်နေ့အထိ COVID-19 ကူးစက်ခံရသူ ၈,၁၄၅ ဦးနဲ့ သေဆုံးသူ ၁၈၇ ဦးရှိခဲ့ပါတယ်။ သို့သော် COVID-19 အခြေအနေ ပိုမိုဆိုးလာနိုင်ပြီး ယခင်ကတည်းက အားနည်းနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် မနိုင်မနင်းဖြစ်လာမှာကို အာဏာပိုင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။

(Afghan Girls Robotics Team အဖွဲ့ဝင် မိန်းကလေးများ) (Photo: Roya Mahboob)

"ကျွန်မတို့ရဲ့ အားထုတ်မှုနဲ့ လူ့အသက်တစ်ချောင်းကို ကျွန်မတို့ ကယ်နိုင်ခဲ့တယ်ဆိုရင်တောင်မှ ဒါက အရေးကြီးပါတယ်" လို့ Afghan Girls Robotics Team အဖွဲ့ဝင် အသက် ၁၇ နှစ်အရွယ် Nahid Rahimi က BBC သတင်းဌာနကို ပြောပါတယ်။ "Afghan Dreamers" လို့လည်း သိထားကြတဲ့ အဆိုပါ မိန်းကလေးတွေဟာ အာဖဂန်မှာ ပထမဆုံး COVID-19 အတည်ပြုလူနာ တွေ့ရှိခဲ့ရတဲ့ နိုင်ငံအနောက်ပိုင်း Herat ပြည်နယ်မှ ဖြစ်ကြပါတယ်။ ထိုပြည်နယ်ဟာ အရှေ့အလယ်ပိုင်းဒေသတွင်း COVID-19 ကူးစက်ဖြစ်ပွားမှု အခြေအနေ အဆိုးဆုံးဖြစ်တဲ့ အီရန်နိုင်နဲ့ နယ်နမိတ်ထိစပ်နေပြီး အာဖဂန်မှာ ကပ်ရောဂါအတွက် အဓိက နေရာဖြစ်နေပါတယ်။

ကျွန်မတို့ရဲ့ ဆရာဝန်တွေ သူနာပြုတွေကို ဝိုင်းဝန်ကူညီဖို့ ကြိုးပမ်းနေတဲ့အဖွဲ့မှာ ပါဝင်ရတာ ကျွန်မ အရမ်းဂုဏ်ယူပါတယ်

(အာဖဂန်မိန်းကလေးအဖွဲ့က ပြုလုပ်နေသည့် အသက်ရှူစက်) (Photo: Roya Mahboob)

Afghan Girls Robotics Team ရဲ့ အသက် ၁၄ နှစ်နဲ့ ၁၇ နှစ်ကြားအရွယ် မိန်းကလေးတွေက Toyota Corolla ကားတစ်စီးထံမှ မော်တာတစ်လုံးနဲ့ Honda မော်တော်ဆိုင်ကယ်တစ်စီးထံမှ ချိန်းကြိုးတစ်စုံ (chain drive) ကို အသုံးပြုပြီး အသက်ရှူစက် ရှေ့ပြေးပုံစံတစ်ခုကို တည်ဆောက်ခဲ့ကြပါတယ်။

စံချိန်မီ အသက်ရှူစက်များ မရရှိနိုင်သေးတဲ့အချိန်မှာ အသက်ရှူရခက်ခဲနေတဲ့ COVID-19 လူနာတွေကို ၎င်းတို့ရဲ့ အသက်ရှူစက်တွေက ယာယီအားဖြင့် သက်သာရာရစေလိမ့်မယ်လို့ မိန်းကလေးတွေက ပြောပါတယ်။ "ကျွန်မတို့ရဲ့ ဆရာဝန်တွေ သူနာပြုတွေကို ဝိုင်းဝန်ကူညီဖို့ ကြိုးပမ်းနေတဲ့အဖွဲ့မှာ ပါဝင်ရတာ ကျွန်မ အရမ်းဂုဏ်ယူပါတယ်၊ ဆရာဝန်တွေ သူနာပြုတွေက ဒီအချိန်မှာ ကျွန်မတို့ရဲ့ သူရဲကောင်းတွေပါ" လို့ Afghan Girls Robotics Team ခေါင်းဆောင် Somaya Faruqi က ပြောပါတယ်။

(အဖွဲ့ဝင် မိန်းကလေးတစ်ဦး) (Photo: Reueters)

COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝှမ်း အသက်ရှူစက်များ ပစ္စည်းပြတ်လပ်မှုဟာ ပြဿာနာတစ်ရပ်လည်း ဖြစ်နေပါတယ်။ ကမ္ဘာတစ်ဝှမ်းဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၃၀,၀၀၀ မှ ၅၀,၀၀၀ အထိ ဈေးနှုန်းမြင့်မားနေတဲ့ အသက်ရှူစက်တွေကို ဆင်းရဲတဲ့နိုင်ငံ အများအပြားက ဝယ်ယူရန်မတတ်နိုင်ကြပါဘူး။

သို့သော် Afghan Girls Robotics Team မှ မိန်းကလေးငယ်တွေကတော့ နိုင်ငံမှာ အလွန်လိုအပ်နေတဲ့ အသက်ရှူစက်ကို တည်ဆောက်ထုတ်လုပ်နေပြီး တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၆၀၀ မျှသာ ကျသင့်မယ်လို့ သိရပါတယ်။ အာဖဂန်မှာ lockdown လုပ်ထားမှုကြောင့် ပစ္စည်းအရောင်းဆိုင်တွေ ပိတ်ပင်ထားရာ မိန်းကလေးတွေအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ရရှိနိုင်ရေး ပြည်နယ်ပြင်ပသို့ ခရီးသွားရန် စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

သူတို့က ၇၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီ၊ သူတို့မှာ လိုအပ်နေသေးတာတစ်ခုက air sensor ပါပဲ

(အဖွဲ့တည်ထောင်သူ Roya Mahboob) (Photo: AP)

Afghan Girls Robotics Team တည်ထောင်သူ အမျိုးသမီး Roya Mahboob ကတော့ သူမရဲ့အဖွဲ့ဟာ မေလကုန်မှာ အသက်ရှူစက်တွေ ပေးပို့နိုင်မယ်လို့ မျှော်လင့်ထားဆဲဖြစ်ကြောင်း ပြောပါတယ်။ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်တဲ့ Roya Mahboob ဟာ TIME မဂ္ဂဇင်းက ရွေးချယ်ဖော်ပြတဲ့ ကမ္ဘာ့ဩဇာအလွှမ်းမိုးဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

"သူတို့က ၇၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီ၊ သူတို့မှာ လိုအပ်နေသေးတာတစ်ခုက air sensor ပါပဲ၊ အဲဒါက ကိုယ်တိုင်လုပ်ရင် အချိန်ကြာနိုင်လို့ ကျွန်မတို့ ဝယ်ယူရရှိဖို့ ကြိုးစားနေပါတယ်၊ ပထမအဆင့်က ပြီးသွားပါပြီ၊ လွန်ခဲ့တဲ့ နှစ်ရက်က ဆေးရုံတစ်ရုံမှာ စမ်းသပ်ခဲ့ပါတယ်၊ အခု ဒုတိယအဆင့်ကို လုပ်နေကြပါတယ်၊ ဒါပြီးရင် ဈေးကွက်ကို မိတ်ဆက်နိုင်ပါပြီလို့" Roya Mahboob က ပြောပါတယ်။

(၂၀၁၇ ခုနှစ်က အမေရိကန်မှာ ပြိုင်ပွဲဝင်ခဲ့စဥ်) (Photo: AFP)

အမျိုးသမီး စာတတ်မြောက်မှုနှုန်း ၃၀ ရာခိုင်နှုန်းအောက် လျော့နည်းနေတဲ့ အာဖဂန်မှာ သူမတို့ရဲ့ ယခုစီမံကိန်းဟာ အခြား မိန်းကလေးတွေအတွက် အတုယူစရာဖြစ်ပြီး အင်ဂျင်နီယာနယ်ပယ်ကို အမျိုးသမီးများ သိနားလည်မှု ပြောင်းလဲစေမယ်လို့ "Afghan Dreamers" မိန်းကလေးတွေက မျှော်လင့်ထားပါတယ်။

သူမတို့အဖွဲ့ရဲ့ အားထုတ်ဆောင်ရွက်မှုကို အာဖဂန်အစိုးရက ကြိုဆိုခဲ့ကြောင်းလည်း သိရပါတယ်။ "သမ္မတဂါနီက ကျွန်မတို့ရဲ့ ပရော့ဂျက်ကို ကြည့်ရှုဖို့နဲ့ ကျွန်မတို့ကို ဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခုခုနဲ့ ကူညီပေးဖို့ အာဏာပိုင်တွေက ပုဂ္ဂိုလ်ရေးအရ ညွှန်ကြားခဲ့တာ ကျွန်မ ဝမ်းသာရပါတယ်" လို့ Roya Mahboob က ပြောပါတယ်။

အသက်ရှူစက်ကို COVID-19 လူနာတွေမှာ မသုံးခင် ဓာတ်ခွဲခန်းထဲက တိရိစ္ဆာန်တွေနဲ့ အရင်စမ်းသပ်ပြီး သေချာအောင် လုပ်ရမှာပါ

(၂၀၁၇ ခုနှစ်က အမေရိကန်မှာ ပြိုင်ပွဲဝင်ခဲ့စဥ်) (Photo: NT Times)

"သူတို့ရဲ့ အရည်အချင်းနဲ့ အားထုတ်မှုကို အသိအမှတ်ပြုပါတယ်၊ ဒါပေမဲ့ အခြား သိပ္ပံပညာဆိုင်ရာ သုတေသနတွေလိုပါပဲ ဒီဟာအတွက် အဆင့်တွေရှိပါတယ်၊ ရှာဖွေတွေ့ရှိမှုနဲ့ တည်ဆောက်မှု၊ လက်တွေ့မသုံးခင် သုတေသနနဲ့ ဈေးကွက်ကို တင်ပို့တဲ့အခါ စိစစ်အတည်ပြုမှု အဆင့်တွေဖြစ်ပါတယ်" လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Waheed Mayar က BBC ကို ပြောပါတယ်။

"လူနာ ဘေးကင်စိတ်ချရဖို့က ဦးစားပေးကိစ္စဖြစ်ပါတယ်၊ ဒါကြောင့် အသက်ရှူစက်ကို COVID-19 လူနာတွေမှာ မသုံးခင် ဓာတ်ခွဲခန်းထဲမှာ တိရိစ္ဆာန်တွေနဲ့ အရင်စမ်းသပ်ပြီး သေချာအောင် လုပ်ဆောင်ရမှာပါ" လို့ ၎င်းက ဆိုပါတယ်။ အာဖဂန် ကျန်းမာရေးဝန်နကြီးဌာနက မိန်းကလေးတွေကို ထောက်ပံ့ပေးနေကြောင်းလည်း သိရပါတယ်။

.

Share

Loading Next Article...
က္က