ကျန်းမာရေးကောင်းဖို့ ပရိသတ်တွေ ဆုတောင်းပေးပါလို့ သူကပြောပါတယ်။

ကင်ဆာဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ အဆိုတော် မီးမီးခဲဟာ မကြာခဏ ဆေးကုသမှုတွေ လုပ်နေတဲ့အတွက် သူ့ရင်ထဲက စကားတွေကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။ 

Photo: Mee Mee Khel



အဆိုတော် မီးမီးခဲကတော့ ကင်ဆာရောဂါကို နောက်ဆုံးအဆင့် ဝေဒနာ ခံစားနေရသူဖြစ်ပါတယ်။ ဧပြီလ ၂၂ ရက်နေ့မှာတော့ သူ့ရဲ့ ကျန်းမာရေး ဆေးစစ်ရမှာဖြစ်လို့ စိတ်လှုပ်ရှားနေတယ်လို့ သူက ရင်ဖွင့်ပြောပြလာပါတယ်။ 

"မနက်ဖြန်မှာ (၃) လတစ်ခါ ဆေးပြန်စစ်ရတော့မှာပါ။ ဆုတောင်းသတိရပေးကြပါနော်။ ကျွန်မလည်း ဒီအတောအတွင်း အမှန်အတိုင်းပြောရင် သိပ်နေမကောင်းပါ။ ကင်ဆာ ဝေဒနာရဲ့ဘေးထွက်ဆိုးကျိုးကို ဖိဖိစီးစီး ခံစားနေရတာ ဖြစ်ပါတယ်။ ဆေးဒဏ်တွေကြောင့် ကိုက်ခဲခြင်းဝေဒနာ ကို ညဘက်တွေမှာတောင် အိပ်ရေးပျက်ပေါင်းများစွာနဲ့ပေါ့" ဆိုပြီးတော့ ဧပြီလ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ အခုလို ရေးသားခဲ့ပါတယ်။ မီးမီးခဲရဲ့ ပရိသတ်တွေကတော့ သူမရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေဖို့အတွက် Comment ကနေတဆင့် ဆုတောင်းစကားတွေ ဆိုလာပါတယ်။ 

Photo: Mee Mee Khel

ရောဂါကြောင့် ကိုက်ခဲမှုဒဏ်တွေကို ပြန်ခံစားနေရတယ်လို့လည်း မီးမီးခဲက ပြောလာပါတယ်။ သူမရဲ့ အထူးကု ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ဆေးအမြဲသောက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

"ကျွန်မရဲ့အထူးကုဆီဖုန်းဆက်မေးတော့ သူက ဘာဆေးပေးတယ်မှတ်လဲ။ ဝမ်းပျော့ဆေးကိုသာပေးပါတယ်။ ပထမတော့ လူက ဘာလဲပေါ့နော်။ နောက်တော့ သူပေးတဲ့ဆေးမုန့်ထုတ်ကို ၃ ရက်လောက်သောက်ပြီးချိန်မှာတော့ လုံးဝကို မကိုက်ခဲတော့တာပါ။ကျွန်မ မျှဝေချင်တာလေးက ကင်ဆာရောဂါသည်တိုင်း ဝမ်းပုံမှန်သွားရပါမယ်။တစ်နေ့ကိုဝမ်းထဲမှာရှိတဲ့ ဝမ်းအကုန်အစင်သွားရင်တော့ဖြင့်ကိုက်ခဲခြင်းတွေလျော့ပါးသွားမှာပါလို့ ထပ်ဆင့်မျှဝေပေးချင်ပါတယ်။ မနက်ဖြန်အတွက်လည်း သတိတရဆုတောင်းပေးကြပါနော်။ မိတ်ဆွေများလည်း ရောဂါ များကင်းဝေးကြပါစေ God Bless You" ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Mee Mee Khel

အဆိုတော် မီးမီးခဲဟာ ၂၀၁၉ ခုနှစ်အတွင်းက ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့အပြင် ရင်သားကင်ဆာ အဆင့်(၄) အထိ ရောက်ခဲ့ရတာဖြစ်ပါတယ်။ သူမရဲ့ ကျန်းမာရေးအခြေအနေကောင်းလာဖို့အတွက်ကိုလည်း ဆရာဝန်ကြီးတွေရဲ့ ညွှန်ကြားချက်အတိုင်း နေထိုင်စားသောက်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမကိုယ်တိုင်က ကင်ဆာရောဂါခံစားနေရတာကြောင့် ကင်ဆာဝေဒနာရှင်တွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် သီချင်းတွေကို  ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ရင်း အားပေးခဲ့ပါတယ်။ မန္တလေးမှာလည်း ဒုတိယမြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပခဲ့ပါသေးတယ်။ အောင်မြင်တဲ့ ဖျော်ဖြေပွဲကြီးတစ်ခုဖြစ်ခဲ့သလို ဒီဖျော်ဖြေပွဲက ရရှိတဲ့ ငွေကြေးတွေကို ကင်ဆာဝေဒနာရှင်တွေအတွက် မီးမီးခဲက အလှူအတန်းတွေ လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ 

Photo: Mee Mee Khel

မီးမီးခဲကတော့ နိုင်ငံကျော် တေးရေးဆရာကြီး စောဘွဲ့မှူးရဲ့ သမီးငယ်လေးဖြစ်ပြီးတော့ အဆိုတော် ကဗျာဘွဲ့မှူးရဲ့ ညီမငယ်လေးဖြစ်ပါတယ်။သူမဟာ လက်ရှိမှာ ဂီတလောကနဲ့ နည်းနည်း အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းလောက်က သီချင်းအသစ်တစ်ပုဒ် ထွက်ရှိခဲ့ပြီး အဲဒီ သီချင်းလေးနဲ့ပဲ ပရိသတ်တွေ သူမကို ပြန်ပြီး သတိရစေခဲ့တာပါ။ သူမကိုယ်တိုင် ရေးထားတဲ့ “ငါ့ရဲ့ မျက်ဝန်းညို” ဆိုတဲ့ သီချင်းလေးက ပရိသတ်တွေကြားအ ရမ်းကို နာမည်ကြီးသွားခဲ့တာပါ။ ထူးခြားတဲ့ အသံလေးကို ပိုင်ဆိုင်ထားပြီး ချစ်ဖို့ကောင်းလှတဲ့ အဆိုတော် မီးမီးခဲဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ဦးပါ။မီးမီးခဲဟာ "မျက်ဝန်းညို" ၊ "အဝေးက ချစ်သူ" စတဲ့ သီချင်းအသစ်တွေလည်း ထွက်ရှိထားပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က