ဒီဇင်ဘာ (၁၁) ရက်ကနေ (၁၃) ရက်အထိ ဖျာပုံက ကျားဖောင်လုပ်ငန်းတွေကို လေ့လာမှုတွေ လုပ်နေပါတယ်။

ကျားဖောင်ပေါ်က ပြဿနာတွေ သိရှိဖို့နဲ့ အချက်အလက်တွေ ရယူဖို့ အမျိုးသားလွှတ်တော် နိုင်ငံသားများရဲ့ မူလအခွင့်အရေး၊ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီက ဖျာပုံမြို့နယ်အတွင်း ကျားဖောင်လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ သွားရောက်တွေ့ဆုံမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

Photo- ကျားဖောင်များလုပ်ကိုင်နေသည်ကို တွေ့ရစဉ်။

ကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၆)ဦးအပါအဝင် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေက ဖျာပုံကို ဒီဇင်ဘာ (၁၁) ရက်နေ့ကတည်းက ရောက်နေပြီး ကျားဖောင်လုပ်ငန်းလုပ်ကိုင်ရာ အမြတ်၊ ဗန္ဓာပင်၊ ဒေါ်ညိမ်း၊ နောက်မီး၊ ဘုန်းကြီးသောင်၊ ချောင်းဝ၊ ကုလားထိပ် ရွာတွေမှာလေ့လာမှုတွေ လုပ်နေပါတယ်။

တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးအပြင် ဆက်စပ်ဌာနတွေနဲ့ အစည်းအဝေးပြုလုပ်ခဲ့တဲ့အပြင် ရေလုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံခဲ့ကာ ဒေသရဲ့ ပြဿနာတွေကို နားထောင်ပြီး အချက်အလက်ရယူခဲ့တယ်လို့ ဖျာပုံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက Duwun ကိုပြောပါတယ်။

“ ကော်မတီကနေပြီးတော့ သက်ဆိုင်ရာဌာနအသီးသီးက တင်ပြတဲ့အချက်အလက်တွေကိုစုဆောင်းတယ်။ ကော်မတီကနေရလာတဲ့အချက်တွေကို အစီရင်ခံစာတစ်ခုတင်သွင်းမှာပါ။ အဖြေကောင်းတစ်ခုရအောင်ကြိုးစားမှာပါ” လို့ ဦးသိမ်းဆွေက ဆိုပါတယ်။

လက်ရှိမှာ ပင်လယ်ငါးလုပ်ငန်းဥပဒေကို အသစ်ပြန်လည်ရေးဆွဲဖို့ ငါးလုပ်ငန်းဦးစီးဌာနက ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားရာ ပြည်ထောင်စုလွှတ်တော်ကနေ အမျိုးသားလွှတ်တော်ကို ပေးပို့ထားတယ်လို့လည်း သိရပါတယ်။

“ ဥပဒေကို အမျိုးသားလွှတ်တော်ကစပြီး ဆွေးနွေးရင် ဒေသတွေကို ဆင်းပြီး စုဆောင်းခဲ့တဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ရေလုပ်ငန်းရှင်၊ ရေလုပ်သားတွေရဲ့ လိုအပ်ချက်ကို ထည့်သွင်းနိုင်ပါလိမ့်မယ်” လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက သုံးသပ်ပြောဆိုပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားရောင်းစားခံခဲ့ရပြီး ကျားဖောင်ပေါ်မှာ ညှင်းပန်းနှိပ်စက်ခံရမှု ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် ကျားဖောင်လုပ်ငန်းပေါ်က ညှင်းပန်းနှိပ်စက်ခံရမှုတွေကို အများကသတိပြုမိလာခဲ့ကြပါတယ်။

ဒီလို ပြဿနာတွေဖြေရှင်းနိုင်ရန် ရေလုပ်သားနဲ့ လုပ်ငန်းရှင်တွေအကြား တိကျသေချာတဲ့စာချုပ်ချုပ်ဆိုမှု၊ ရေလုပ်သားအဖြစ်လုပ်ကိုင်ကြမယ့်သူတွေကို ကျွမ်းကျင်သင်တန်းတွေပေးဖို့၊ ရေလုပ်သားတွေအားလုံးကို တရားဝင်မှတ်ပုံတင်ပေးဖို့အပြင် လိုင်စင်ရှိတဲ့ ကျားဖောင်လုပ်ငန်းများ ဖြစ်လာဖို့ အတွက် ဆောင်ရွက်ရမယ်လို့ ဦးသိမ်းဆွေက အကြံပြုပါတယ်။

၂၀၁၉ ခုနှစ် အတွင်း ဖျာပုံမြို့နယ်က ပင်လယ်ပြင်ကျားဖောင်လုပ်ငန်းတွေမှာ လူသေဆုံး၊ ပျောက်ဆုံးမှုတွေ (၁၁၃) မှုအထိရှိခဲ့တယ်လို့ ဒေါ်ညိမ်းကျေးရွာအုပ်ချုပ်ရေးမှူးဆီကနေ သိရပါတယ်။

Share

Loading Next Article...
က္က