ညာဘက်ခြေထောက်အခြေအနေ စိုးရိမ်ရတယ်လို့ ပြောပါတယ်။

အဆိုတော် မီးမီးခဲဟာ ကင်ဆာဆေးတွေရဲ့ ဆိုးကျိုးကြောင့် သူမရဲ့ ညာဘက်ခြေထောက်အခြေအနေ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ 

Photo: Thein Than Oo



မီးမီးခဲဟာ သူမရဲ့ ကင်ဆာဝေဒနာကို သုံးလ တစ်ကြိမ်ဆေးစစ်မှုတွေ လုပ်နေရတယ်လို့ ဆိုပါတယ်။ ဒီတစ်ခေါက် ဆေးစစ်ချက်အဖြေမှာ ညာဘက်ခြေထောက် အခြေအနေ စိုးရိမ်ရတာကြောင့် ဆေးရုံတက်လိုက်ရတယ်လို့ ပြောပါတယ်။ 

" ဆေးစစ်ချက်အဖြေအရ ကျွန်မရဲ့ညာဘက်ခြေထောက် စိုးရိမ်ရတဲ့အတွက် ဒီမနက်ပဲ ဆေးရုံတက် လိုက်ရပါတယ်။ ၅ မိနစ်ထက်ပိုပြီး လမ်းမလျှောက်နိုင်တာ ၂ လကျော်ပါပြီ။ မတ်တပ်လည်း ကြာကြာမရပ်နိုင်ခဲ့ပါဘူး။ အဖြေက တော့ ကင်ဆာ ပြန့်ပွားမှုက တော့ပုံမှန်ပေမဲ့ ကင်ဆာဆေးကြောင့် ဆိုးကျိုးကို ခံစားရတာပါ။ 

အားလုံးကို ဆုတောင်းသတိရပေးပါလို့..God Bless You All" ဆိုပြီးတော့ ဧပြီလ ၂၉ ရက်နေ့ မနက် ၁၀ နာရီခွဲက သူ့ရဲ့ Facebook Page မှာ ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Mee Mee Khel

လက်ရှိမှာတော့ သူမဟာ မိသားစုတွေနဲ့ အတူတူ သြစတေးလျမှာ နေထိုင်တာ ဖြစ်ပါတယ်။ မီးမီးခဲကတော့ ကင်ဆာရောဂါကို နောက်ဆုံးအဆင့် ဝေဒနာ ခံစားနေရသူဖြစ်ပါတယ်။ ဧပြီလ ၂၂ ရက်နေ့တုန်းကသူ့ရဲ့ ကျန်းမာရေး ဆေးစစ်ရမှာဖြစ်လို့ စိတ်လှုပ်ရှားနေတဲ့အကြောင်းကို ရင်ဖွင့်ပြောပြခဲ့ပါသေးတယ်။ 

"မနက်ဖြန်မှာ (၃) လတစ်ခါ ဆေးပြန်စစ်ရတော့မှာပါ။ ဆုတောင်းသတိရပေးကြပါနော်။ ကျွန်မလည်း ဒီအတောအတွင်း အမှန်အတိုင်းပြောရင် သိပ်နေမကောင်းပါ။ ကင်ဆာ ဝေဒနာရဲ့ဘေးထွက်ဆိုးကျိုးကို ဖိဖိစီးစီး ခံစားနေရတာ ဖြစ်ပါတယ်။ ဆေးဒဏ်တွေကြောင့် ကိုက်ခဲခြင်းဝေဒနာ ကို ညဘက်တွေမှာတောင် အိပ်ရေးပျက်ပေါင်းများစွာနဲ့ပေါ့" လို့ ဆိုပါတယ်။ 

Photo: Mee Mee Khel

အဆိုတော် မီးမီးခဲဟာ ၂၀၁၉ ခုနှစ်အတွင်းက ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့အပြင် ရင်သားကင်ဆာ အဆင့်(၄) အထိ ရောက်ခဲ့ရတာဖြစ်ပါတယ်။ သူမရဲ့ ကျန်းမာရေးအခြေအနေကောင်းလာဖို့အတွက်ကိုလည်း ဆရာဝန်ကြီးတွေရဲ့ ညွှန်ကြားချက်အတိုင်း နေထိုင်စားသောက်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမကိုယ်တိုင်က ကင်ဆာရောဂါခံစားနေရတာကြောင့် ကင်ဆာဝေဒနာရှင်တွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် သီချင်းတွေကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ရင်း အားပေးခဲ့ပါတယ်။ မန္တလေးမှာလည်း ဒုတိယမြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပခဲ့ပါသေးတယ်။ အောင်မြင်တဲ့ ဖျော်ဖြေပွဲကြီးတစ်ခုဖြစ်ခဲ့သလို ဒီဖျော်ဖြေပွဲက ရရှိတဲ့ ငွေကြေးတွေကို ကင်ဆာဝေဒနာရှင်တွေအတွက် မီးမီးခဲက အလှူအတန်းတွေ လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Photo: Mee Mee Khel

မီးမီးခဲကတော့ နိုင်ငံကျော် တေးရေးဆရာကြီး စောဘွဲ့မှူးရဲ့ သမီးငယ်လေးဖြစ်ပြီးတော့ အဆိုတော် ကဗျာဘွဲ့မှူးရဲ့ ညီမငယ်လေးဖြစ်ပါတယ်။သူမဟာ လက်ရှိမှာ ဂီတလောကနဲ့ နည်းနည်း အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းလောက်က သီချင်းအသစ်တစ်ပုဒ် ထွက်ရှိခဲ့ပြီး အဲဒီ သီချင်းလေးနဲ့ပဲ ပရိသတ်တွေ သူမကို ပြန်ပြီး သတိရစေခဲ့တာပါ။ သူမကိုယ်တိုင် ရေးထားတဲ့ “ငါ့ရဲ့ မျက်ဝန်းညို” ဆိုတဲ့ သီချင်းလေးက ပရိသတ်တွေကြားအ ရမ်းကို နာမည်ကြီးသွားခဲ့တာပါ။ ထူးခြားတဲ့ အသံလေးကို ပိုင်ဆိုင်ထားပြီး ချစ်ဖို့ကောင်းလှတဲ့ အဆိုတော် မီးမီးခဲဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ဦးပါ။မီးမီးခဲဟာ "မျက်ဝန်းညို" ၊ "အဝေးက ချစ်သူ" စတဲ့ သီချင်းအသစ်တွေလည်း ထွက်ရှိထားပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က