ပရီးမီးယားလိဂ်ပွဲစဉ် ၁ မှာပဲ ရင်ဆိုင်ခဲ့ရတဲ့ ချယ်လ်ဆီး-လီဗာပူးလ်ပွဲကတော့ အပြန်အလှန်သွင်းဂိုးတွေ၊ စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်တွေနဲ့ ပရိသတ်ကို ဖျော်ဖြေနိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံး အဓိကကစားသမားတွေ အားလုံးပါဝင်ခဲ့ပြီး လီဗာပူးလ်က တိုက်စစ်ပိုင်းမှာ လူစုံတက်စုံရှိခဲ့ကာ ချယ်လ်ဆီးကလည်း ကစားသမားသစ်တွေနဲ့ အဓိကကစားသမားတွေကို ရောစပ်အသုံးပြုခဲ့ပါတယ်။
ပွဲချိန်အစောပိုင်းမှာ ပွဲက အေးနေခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ အရှိန်ရလာပြီး အကြိတ်အနယ်ဖြစ်လာခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ မြန်ဆန်တဲ့ တန်ပြန်တိုက်စစ်တွေက အလုပ်ဖြစ်ခဲ့သလို ချယ်လ်ဆီးရဲ့ ညာဘက်ခြမမ်းတိုက်စစ်ကလည်း လီဗာပူးလ်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အတွက် အဖွင့်ဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေတဆင့် ဆာလာရဲ့ လှပတဲ့ ပေးပို့မှုကနေ ဒီယက်ဇ်က လျှောထိုးပိတ်သွင်းခဲ့တာပါ။
ဒီနောက်မှာ ဆာလာက နောက်တဂိုးသွင်းခဲ့ပေမယ့် လူကျွံနေတာကြောင့် ဂိုးမရခဲ့ပါဘူး။ ချေပဂိုးရဖို့ ချယ်လ်ဆီးက တင်ကစားခဲ့ပြီး လီဗာပူးလ်ခံစစ် ဟန်ချက်ပျက်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီဆာဆီရဲ့ ချေပဂိုးကို ပြန်လည်ခွင့်ပြုခဲ့ပြီး ပွဲက ၁ ဂိုးစီသရေနဲ့အကြိတ်အနယ်ဖြစ်ခဲ့ပါတယ်။ ဒီဆာဆီဂိုးသွင်းပြီး ၂ မိနစ်အကြာမှာပဲ ချီဝဲလ်က တဂိုးသွင်းခဲ့ပေမယ့် ဒါလည်း လူကျွံနေတာကြောင့် နစ်နာခဲ့ရပါတယ်။ ပထမပိုင်းမှာ ၁-၁ ဖြစ်ခဲ့ပြီး VAR ကြောင့် တဂိုးစီ ပယ်ဖျက်ခံရတာချင်းလည်း တူညီခဲ့ပါတယ်။
ဒုတိယပိုင်းပြန်စချိန်မှာ လီဗာပူးလ်က တိုက်စစ်ကို ပိုကစားနိုင်ခဲ့ပြီး ခြိမ်းခြောက်မှုတွေလည်း ပိုလုပ်နိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးကလည်း တိုက်စစ်ဆင်ချိန်တိုင်း ထိရောက်အောင် ကစားနိုင်ခဲ့လို့ နှစ်သင်းစလုံးအမှားခံလို့မရခဲ့ဘဲ သတိကြီးကြီးထားကာကွယ်ခဲ့ရကာ ပွဲချိန်ကြာလေ အကြိတ်အနယ်ဖြစ်လေဖြစ်ခဲ့ပါတယ်။ နှစ်သင်းစလုံး ဂိုးရနိုင်တဲ့ အနေအထားမျိုး နီးစပ်ခဲ့ပေမယ့် ခံစစ်ပိုင်းကိုယ်စီက ကောင်းကောင်းကာကွယ်နိုင်ခဲ့ပါတယ်။
ဂိုးရဖို့အတွက် နှစ်သင်းလုံးအားထုတ်ပုံက ကောင်းခဲ့ပေမယ့် ခံစစ်ပိုင်းတွေ အကောင်းဆုံးတွေဖြစ်နေလို့ ခက်ခဲနေခဲ့ပါတယ်။ လီဗာပူးလ်က ဒါဝင်နူနက်ဇ်ကိုထည့်ပြီး တိုက်စစ်မြှင့်ခဲ့ကာ ချယ်လ်ဆီးကတော့ အပြောင်းအလဲမလုပ်ခဲ့ဘဲ ဂျက်ဆန်တဦးတည်းနဲ့ပဲ လီဗာပူးလ်ခံစစ်ကို ရင်ဆိုင်နေခဲ့ပါတယ်။ ဒီနောက် လီဗာပူးလ်က ဆာလာကိုပါ လူစားလဲလှယ်ခဲ့ပြီး ကစားသမားကတော့ ဒေါသတကြီးနဲ့ ကွင်းထဲကနေ ထွက်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။
ချယ်လ်ဆီးက ရီဆီဂျိမ်းစ်ကတော့ ခြေစွမ်းပြနေခဲ့ပေမယ့်လည်း ပွဲချိန်နှောင်းပိုင်းမှာ ဒဏ်ရာရခဲ့ပြန်လို့ လူစားလဲခဲ့ရတာကတော့ ပိုချက်တီနိုအတွက် စိတ်ပျက်စရာပါပဲ။ ဘယ်အသင်းမှ ဂိုးထပ်မရခဲ့တော့တာကြောင့် ပွဲကတော့ ၁-၁ နဲ့ ပြီးဆုံးခဲ့ပြီး ၁ မှတ်စီခွဲယူကာ ကျေနပ်စရာရလဒ်ဖြစ်ခဲ့တယ်လို့ပဲ ဆိုရပါတော့မယ်။ ၂သင်းစလုံးအနိုင်ရသင့်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် လွဲချော်ခဲ့တာကတော့ နစ်နာပါတယ်။