မနေ့ကပဲ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။

ဝက်ဖို့ဒ်အသင်းဟာ အသင်းနည်းပြရာနီရေးနီကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ တရားဝင်ကြေညာလိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကမှ ဝက်ဖို့ဒ်ကို ကိုင်တွယ်ခဲ့တဲ့ ရာနီရေးနီအတွက် ၄ လနီးပါးသာ အသင်းကိုကိုင်တွယ်ခဲ့ရတာဖြစ်ပြီး ဆက်တိုက်အရေးနိမ့်ခဲ့မှုတွေကြောင့် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာလည်းဖြစ်ပါတယ်။ 

ဝက်ဖို့ဒ်ကို စုစုပေါင်း ၁၄ ပွဲအထိ ရာနီရေးနီက ကိုင်တွယ်ခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်တို့ကိုသာ အနိုင်ရရှိခဲ့ပြီး ၁၁ ပွဲအထိရှုံးနိမ့်ကာ ၁ ပွဲသရေကျခဲ့ပါတယ်။ ထူးခြားချက်ကတော့ ယူနိုက်တက်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တုန်းက ယူနိုက်တက်နည်းပြဆိုးလ်ရှားထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး အခုအခါမှာ သူ့ကို ရာထူးကပြုတ်စေခဲ့တဲ့ ရာနီရေးနီလည်း ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။

ဝါရင့်နည်းပြကြီးဟာ လက်စတာကို ပရီးမီးယားလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အဲဒီနောက်ပိုင်း ကိုင်တွယ်ခဲ့တဲ့ အသင်းတွေမှာတော့ အခြေအနေမကောင်းခဲ့သူဖြစ်ပါတယ်။ စီးရီးအေမှာလည်း သွားရောက်ကျင်လည်ခဲ့သလို ပရီးမီးယားလိဂ်နဲ့ လူးလာခေါက်ပြန်ရှိနေခဲ့ပြီး အခုတကြိမ်မှာလည်း အသင်းရလဒ်တွေဆိုးရွားလာခဲ့လို့ ၁၄ ပွဲကိုင်တွယ်အပြီးမှာ လမ်းခွဲလိုက်ရပြီဖြစ်ပါတယ်။ 

ဝက်ဖို့ဒ်ဟာ အမှတ်ပေးဇယားအဆင့် ၁၉ နေရာကို ရောက်ရှိနေပြီး တန်းမဆင်းရဖို့ ရုန်းကန်ရမှာလည်းဖြစ်ပါတယ်။ ကံကောင်းနေသေးတာကတော့ တန်းဆင်းဇုန်အထက်က နော်ဝှစ်ချ်နဲ့ ၂ မှတ်သာကွာဟနေတာဖြစ်ပြီး လက်ကျန်ပွဲတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်မယ့် အခွင့်အရေးရှိနေသေးတာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က