ဝါဝါအောင်ဟာ စပွန်ဆာရုပ်ရှင်ထဲက ကာရိုက်တာအကြောင်း ခင်ပွန်းကို ပြောပြလိုက်တဲ့အခါမှာ ပြန်လည် တုံ့ပြန်လာတဲ့ စကားကြောင့် သဘောကျခဲ့ရတာတွေရှိတယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာ နေတိုးနဲ့ တွေ့ဆုံရတဲ့ ဇာတ်ဝင်ခန်းတွေရဲ့ အမှတ်တရကိုလည်းပြောပြခဲ့ပါသေးတယ်။
Photo: Sponsor
ဝါဝါအောင်ကတော့ စပွန်ဆာရုပ်ရှင်ကားထဲက သူမရဲ့ ကာရိုက်တာကြောင့် ခင်ပွန်းဖြစ်သူ ဦးအောင်ခိုင်ရဲ့ ဝေဖန်မှုတွေ ကြားရမလားလို့ မျှော်လင့်မိပေမယ့် ဖြစ်မလာခဲ့ဘူးလို့ဆိုပါတယ်။ ကိုယ့်ရဲ့ ကာရိုက်တာအကြောင်းကိုတောင် ပြန်ပြောလိုက်ရသေးတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေ ဖြေဆိုခဲ့ပါတယ်။
‘’ ကိုယ့်ကာရိုက်တာကို သူအရင်မပြောခင် ကိုယ်က အရင်ပြောပြထားရသေးတယ်။ စပွန်ဆာဇာတ်ကားထဲမှာ ညီမ သရုပ်ဆောင်ထားတာက တော်တော်လေး နာမည်ထွက်နေတယ်ပေါ့။ သူကလည်း ဘယ်လိုသရုပ်ဆောင်ထားတာလဲပေါ့။ သူ့ကို ပြန်ရှင်းပြရသေးတယ်။ နေတိုးကို ခေါ်ပြီးတော့ အသုံးတော်ခံတဲ့ နေရာပေါ့၊ ကောင်လေး ငယ်ငယ်လေးတွေကိုခေါ်ပြီး အသုံးတော်ခံတတ်တဲ့ကာရိုက်တာမှာ သရုပ်ဆောင်ထားတယ်ဆိုတော့ ကိုယ်က သရုပ်ဆောင်ပဲ ကျရာနေရာမှာ သရုပ်ဆောင်ရမှာလေဆိုပြီးတော့ ဘာမှ အပြစ်ပြောမသွားဘူး။ မကြည့်ရသေးလို့လား မသိဘူး’’ ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။
ဇာတ်ကားထဲက ကာရိုက်တာနဲ့ ပတ်သက်ပြီးတော့လည်း နေတိုးကို အရမ်းအားနာမိခဲ့ရတယ်လို့ ဝါဝါအောင်က ပြောပါတယ်။ ဒါရိုက်တာ မကြိုက်မချင်းပြန်ရိုက်ရတဲ့ ဇာတ်ဝင်ခန်းတွေရှိတယ်လို့ဆိုပါတယ်။
‘’ ကိုယ်က ကိုနေတိုးကို အရမ်းအားနာတယ်။ သူကလည်း ဘယ်လိုပဲဖြစ်ဖြစ် ရှက်မှာပဲပေါ့နော်။ ဒါပေမယ့် သူက အေးအေးဆေးဆေးပါပဲ။ ကိုယ်တွေကသာ ရှက်လည်းရှက်၊ ရယ်လည်း ရယ်ချင်တော့ ဆွဲလိုက်တယ်၊ ထိတဲ့ ပုံစံမျိုးလုပ်လိုက်တယ်၊ ဒါရိုက်တာ မကြိုက်သေးဘူးပေါ့နော်။ အဲဒီမှာ ၃ ခါလောက် လုပ်လိုက်ရတယ် မကောင်းဘူးပေါ့နော်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့ ညက ‘’စပွန်ဆာ’’ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Sponsor
‘’စပွန်ဆာ’’ရုပ်ရှင်ကားကြီးထဲမှာတော့ ဝါဝါအောင်ရဲ့ ကာရိုက်တာက ချမ်းသာတဲ့ သူဌေးမကြီးတစ်ဦး၊ ကောင်လေး ငယ်ငယ်ချောချောလေးတွေကို စပွန်ဆာပေးတတ်တဲ့ အမျိုးသမီးတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
‘’ ဒီဇာတ်ကားထဲမှာ ကိုယ်ကပဲ ဦးဆောင်ရတာလေ။ သူက စိတ်မပါပဲ လုပ်ရတဲ့ အလုပ်တစ်ခုကိုး။ အဲဒီတော့ ကိုယ်က ဦးဆောင်ရတာပေါ့။ ဒါရိုက်တာကလည်း အဲဒီလိုပဲဖြစ်စေချင်တော့ ကိုယ်ကပဲ ပိုလုပ်ရတာပေါ့လေ။ ကိုယ်က လူကြီးဖြစ်နေတာကိုး’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါတယ်။
စပွန်ဆာရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာလ ၃ ရက်နေ့က စပြီးရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေတာဖြစ်ပါတယ်။ ဝါဝါအောင် ကိုတော့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန် ထိ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြင်ဆင် သရုပ်ဆောင်နိုင်တာကြောင့်လည်း ပရိသတ်အခိုင်အမာ ရရှိနေတာ ဖြစ်ပါ တယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူမဟာ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးလည်းဖြစ်၊ ကိုလူချောအဖွဲ့ ဥက္ကဌတစ်ဦးလည်းဖြစ်၊ ရုပ်ရှင်အစည်းအရုံးရဲ့ အမှုဆောင် တစ်ယောက်အဖြစ်ဆောင်ရွက်နေတဲ့ အောင်ခိုင်ရဲ့ ဇနီးချောဖြစ်ပါတယ်။