ကာကွယ်ဆေးမထိုးထားသူတွေဟာ COVID-19 ကြောင့် အထူးကြပ်မတ်ကုသဆောင်သို့ရောက်နိုင်ခြေ သို့မဟုတ် သေဆုံးနိုင်ခြေ ၁၆ ဆ ပိုများကြောင်း ဩစတြေးလျနိုင်ငံ New South Wales (NSW) ပြည်နယ်က အစီရင်ခံစာတစ်ခုမှာ ပြောထားပါတယ်။
ဩစတြေးလျမှာ COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) နဲ့ အတူယှဥ်တွဲနေထိုင်ရေး စတင်နေပြီဖြစ်ရာ ပြည်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးကြရန် NSW ပြည်နယ် တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ NSW ကျန်းမာရေးဌာနက တနင်္လာနေ့ (နိုဝင်ဘာ ၈ ရက်) နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ အောက်တိုဘာလ အစောပိုင်းအထိ ဒယ်လ်တာ (Delta) ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ၄ လအတွင်း သေဆုံးခဲ့သူ ၄၁၂ ဦးအနက် ၁၁ ရာခိုင်နှုန်းကသာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသူတွေဖြစ်ကြောင်း သိရပါတယ်။
(Photo: Reuters)
ထိုသေဆုံးသူတွေရဲ့အသက်ဟာ ပျမ်းမျှ ၈၂ နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးကြပ်မတ်ကုသဆောင် (intensive care unit - ICU) ထဲကို ရောက်ခဲ့သူတွေအနက် ၃ ရာခိုင်နှုန်းကသာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသူတွေ ဖြစ်တယ်လို့လည်း NSW ကျန်းမာရေးဌာန အစီရင်ခံစာက ဖော်ပြပါတယ်။ ဇွန် ၁၆ ရက်နဲ့ အောက်တိုဘာ ၇ ရက်ကြားမှာ စစ်ဆေးတွေ့ရှိရတဲ့ ကူးစက်မှု ၆၁,၈၀၀ အနက် ၆၃ ရာခိုင်နှုန်းက COVID-19 ကာကွယ်ဆေးမထိုးထားကြကြောင်း အဆိုပါ အစီရင်ခံစာက ဆိုပါတယ်။
"ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားတဲ့ ငယ်ရွယ်သူတွေဟာ ကူးစက်ခံရနိုင်ခြေနည်းပြီး ရောဂါပြင်းထန်မှု မရှိသလောက် ဖြစ်ပါတယ်၊ ကာကွယ်ဆေးမထိုးထားတဲ့ အဲဒီ အသက်အရွယ်အုပ်စုတွေကတော့ COVID-19 ဖြစ်နိုင်ခြေနဲ့ ဆေးရုံတက်ရဖို့ ပိုများပါတယ်" လို့ NSW ကျန်းမာရေးအရာရှိချုပ် Kerry Chant က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
(Photo: Reuters)
ဩစတြေးလျ NSW ပြည်နယ်ရဲ့ လေ့လာတွေ့ရှိမှုဟာ အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (Centers for Disease Control and Prevention - CDC) က ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပြောကြားခဲ့မှုနဲ့လည်း နီးစပ်တူညီနေပါတယ်။ ကာကွယ်ဆေးမထိုးထားသူတွေဟာ COVID-19 ကြောင့် သေဆုံးနိုင်ခြေ ၁၁ ဆ ပိုများကြောင်း အမေရိကန် CDC က ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပြောထားခဲ့ပါတယ်။
ဩစတြေးလျဟာ ဇွန်လမှာ မျိုးဗီဇပြောင်း ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် နိုင်ငံရဲ့ အကြီးဆုံးမြို့တွေဖြစ်တဲ့ ဆစ်ဒနီ၊ မဲလ်ဘုန်းနဲ့ မြို့တော် ကန်ဘာရာတို့ကို လနဲ့ချီကြာ lockdown သတ်မှတ်ခဲ့ရချိန်အထိ ယခုနှစ်အတွင်း ကာလအတန်ကြာ COVID-19 ကင်းစင်နေခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။
(Photo: EPA-EFE)
ယခုအခါမှာတော့ ကာကွယ်ဆေးထိုးပြီးမှု ၇၀ ရာခိုင်နှုန်းနဲ့ ၈၀ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့ပြီးနောက် ဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ထိုမြို့ကြီးတွေမှာ တင်းကျပ်တဲ့ စည်းမျဥ်းကန့်သတ်ချက်တွေ ဖြေလျှော့ပေးခဲ့ပါတယ်။ NSW ပြည်နယ် မြို့တော် ဆစ်ဒနီမြို့မှာ အသက် ၁၆ နှစ်အထက် လူဦးရေရဲ့ ၉၄ ရာခိုင်နှုန်းက ကာကွယ်ဆေးတစ်ကြိမ်ထိုးထားပြီး ဖြစ်ပါတယ်။
ဩစတြေးလျမှာ ကပ်ရောဂါကြောင့် စုစုပေါင်း သေဆုံးသူ ၁,၈၄၁ ဦးရဲ့ ထက်ဝက်ကျော်နဲ့ ကူးစက်ခံရသူ ၁၈၃,၀၀၀ နီးပါးရဲ့ ၈၇ ရာခိုင်နှုန်းခန့်ဟာ ဒယ်လ်တာဗိုင်းရပ်စ်ကြောင့်ဖြစ်ကြောင်း သိရပါတယ်။ ဩစတြေးလျမှာ ဇူလိုင်လမှစပြီး COVID-19 ကာကွယ်ဆေးထိုးမှုအစီအစဥ် အရှိန်မြှင့်ခဲ့တာကြောင့် ယမန်နှစ်ကထက် သေဆုံးမှုနှုန်း လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။